ယခင်နှစ်က ကုန်သွယ်မှု သမိုင်းတစ်လျှောက် စံချိန်တင် အများဆုံး ရရှိသဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မစမီ လက်ရှိကြားကာလ ခြောက်လအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏ ဒေါ်လာ ၁၃ ဘီလျံခွဲရရှိရန် မျှော်မှန်းထား

ယခင်နှစ်က ကုန်သွယ်မှု သမိုင်းတစ်လျှောက် စံချိန်တင် အများဆုံး ရရှိသဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မစမီ လက်ရှိကြားကာလ ခြောက်လအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏ ဒေါ်လာ ၁၃ ဘီလျံခွဲရရှိရန် မျှော်မှန်းထား
Published 21 April 2018

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကို လာမည့် အောက်တိုဘာလတွင်မှ စတင်မည်ဖြစ်ရာ လက်ရှိကြားကာလ ခြောက်လအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏကို ဒေါ် လာ ၁၃ ဘီလျံခွဲရရှိရန် မျှော်မှန်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားသည်။

“ဒီကာလကို ၁၃ ဘီလျံခွဲရရှိဖို့ လျာထားထားပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ပို့ကုန်ပမာဏက အားလုံး စုစုပေါင်းဆိုရင် ဒေါ်လာ ၁၄ ဒသမ ၆၇၅ ဘီလျံရတယ်။ မနှစ်က ၁၁ ဒသမ ၉၉၈ ဆိုတော့ မနှစ်ကထက် ဒေါ်လာ ၂ ဒသမ ၇၆ ဘီလျံလောက်ပိုများတယ်။ သွင်းကုန်မှာ ဒီနှစ်ရတာက ဒေါ်လာ ၁၈ ဒသမ ၆၄၈ ဘီလျံ၊ မနှစ်က ၁၇ ဒသမ ၂၁၁ ဖြစ်တဲ့အတွက်ကြောင့်မို့ သွင်းကုန်မှာလည်း  ၁ ဒသမ ၄ ဘီလျံကျော်ပိုများတယ်” ဟု ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားသည်။

“အဲဒီမှာ အဓိက လယ်ယာထွက်ကုန်မှာ ပို့ကုန်က မနှစ်ကထက် ပိုများတယ်။ တိရစ္ဆာန်ထွက်ပစ္စည်း မနှစ်ကထက် ပိုများတယ်။ ရေထွက်ပစ္စည်း မနှစ်ကထက် ပိုများတယ်။ သတ္တုတွင်းထွက်ပစ္စည်း မနှစ်ကထက် ပိုများတယ်။ သစ်တောထွက်ပစ္စည်းက မနှစ်ကထက် ၃၅ သန်းလောက် နည်းသွားတယ်။ သစ်တောထွက် ပစ္စည်းကတော့ မူလကတည်းက တမင်ကို လျှော့နေတာပေါ့နော်။ စက်မှုကုန်ချောပစ္စည်း ပိုများလာတယ်။ တခြားပစ္စည်းတွေလည်းရှိတယ်။ စုစုပေါင်း ၁၄ ဒသမ ၆၇၅ ဆိုတာ ပို့ကုန်ရဲ့သမိုင်းတစ်လျှောက်မှာရော ကုန်သွယ်မှု သမိုင်းတစ်လျှောက်မှာရော အများဆုံးပဲ။ ကုန်သွယ်မှု သမိုင်းတစ်လျှောက်လုံးမှာ ၃၃ ဒသမ ၃၂၃ ဘီလျံ ရတယ်ပေါ့။ မနှစ်ကထက် လေးဘီလျံလောက် ပိုများတယ်။ မနှစ်ကရတာက ၂၉ ဒသမ ၂၀၉ ဘီလျံ၊ အဲဒီတော့ မနှစ်က ရတာကလည်း ပြီးခဲ့တဲ့နှစ်အထိ သမိုင်းတစ်လျှောက်မှာ အများဆုံးပဲ။ ဒီနှစ်မှာ ပို့ကုန်ရော သွင်းကုန်ရောမှာ သမိုင်းတစ်လျှောက် အများဆုံးပါပဲ” ဟု ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိ ပြည်ပကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၃၃၃၂၃ ဒသမ ၈၁၅ သန်းရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ ၄၁၁၄ ဒသမ ၂၀၉ သန်း ပိုမိုခဲ့သည်။