လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု မလုံလောက်ခြင်းကြောင့် ရန်ကုန်မြို့အပါအဝင် နိုင်ငံတစ်ဝန်းရှိ မြို့များတွင် အလှည့်ကျစနစ် ဖြင့်သာ လျှပ်စစ်မီးကို သုံးစွဲနေရပြီး လျှပ်စစ်မီး သုံးစွဲရမှုနှင့် လျှပ်စစ်မီးပြတ်တောက်ခြင်းများကိုအခြေပြုကာ မြန်မာနိုင်ငံတွင် မီးစက်အသုံးပြုမှုအတွက် မီတာခကောက်ခံရာ၌ နိုင်ငံတကာတွင် မကြုံစဖူးဖြစ်သည့် နှုန်းထားတစ်ရပ်ဖြစ်သော တစ်ယူနစ်လျှင် ကျပ် ၂၄၀၀ နှုန်းဖြင့် ကောက်ခံမှုများရှိနေကြောင်း စုံစမ်း သိရှိရသည်။
ကွန်ဒိုအချို့က မီးစက်အသုံပြုုမှုအတွက် မီတာခကောက်ခံရာတွင် ယခုကဲ့သို့ တစ်ယူနစ်လျှင် ကျပ် ၂၄၀၀ နှုန်း သတ်မှတ်ကောက်ခံမှုမှာ အံ့သြဖွယ်ရာနှုန်းထားတစ်ရပ်ဖြစ်ပြီး ၎င်းတိုု့၏ တစ်ယူနစ်စျေးနှုန်းမှာ (ဗဟိုဘဏ် သတ်မှတ်စျေး တစ်ဒေါ်လာ ကျပ် ၂၁၀၀) ဖြင့်တွက်လျှင် တစ်ယူနစ်လျှင် တစ်ဒေါ်လာ ကျော် ကျသင့်နေပြီး ပြင်ပပေါက်စျေး တစ် ဒေါ်လာ ကျပ် ၂၉၀၀ ခန့်ဖြင့်တွက်လျှင်လည်း ၎င်းတို့ကောက်ခံသည့် တစ်ယူနစ် ကျပ် ၂၄၀၀ ကျပ်နှုန်းမှာ တစ်ဒေါ်လာ ဝန်းကျင်အထိရှိနေ ကြောင်း သိရသည်။
နိုင်ငံတော်မှ လျှပ်စစ်ဓာတ်အားဖြန့်ဝေမှုစနစ်တွင် အိမ်သုံးအမျိုးအစားအတွက် ယူ နစ်အလွှာအလိုက် အနည်းဆုံး တစ်ယူနစ် ၃၅ ကျပ်မှ အများဆုံး တစ်ယူနစ် ၁၂၅ ကျပ် နှုန်းဖြင့် ကောက်ခံလျက်ရှိသည်။လုပ်ငန်း သုံးအတွက် ယူနစ်အလွှာအလိုက် တစ်ယူနစ် အနည်းဆုံး ၁၂၅ ကျပ်မှ အများဆုံး ကျပ် ၁၈၀ အထိ ကောက်ခံလျက်ရှိသည်။
သို့ရာတွင် လျှပ်စစ်မီး အပြည့်အဝမရရှိ ခြင်းကြောင့် စီးပွားရေးလုပ်ငန်းများတွင် မီးစက်ဖြင့် လုပ်ငန်းလည်ပတ်ခြင်း၊ နေအိမ်အ ချို့တွင် ဆိုလာစနစ် တပ်ဆင်ခြင်းများရှိပြီး ရန်ကုန်မြို့ရှိ ကွန်ဒိုတိုက်ခန်းများတွင်မူ ကိုယ်ပိုင် မီးစက်မီတာဖြင့် လျှပ်စစ်မီးရယူ သုံးစွဲနေ ကြောင်း သိရသည်။ ထိုသို့ မီးစက်ဖြင့် အသုံးပြု ခြင်းအတွက် မီတာခကျသင့်ငွေ ကောက်ခံရာ ၌ ကွန်ဒိုအများစုသည် တစ်ယူနစ်လျှင် ကျပ် ၁၀၀၀ ဝန်းကျင်မှစ၍ ပျမ်းမျှ ကျပ် ၁၆၀၀ ဝန်းကျင်ဖြင့် မီတာခကောက်ခံလျက်ရှိပြီး အချို့သော ကွန်ဒိုများတွင် တစ်ယူနစ်လျှင် ကျပ် ၇၀၀၊ ၈၀၀ နှုန်းဖြင့် လူနေထိုင်မှုအနေ အထား မတူညီမှုအပေါ်လိုက်၍ အပြောင်း အလဲ၊ အတက်အကျဖြင့် သုံးစွဲကောက်ခံလျက် ရှိကြောင်း သိရသည်။
ထိုသို့ ကွန်ဒိုများတွင် ကိုယ်ပိုင်မီးစက်မီတာဖြင့် လျှပ်စစ်မီးဖြန့်ဝေရာ၌ ကွန်ဒိုအချို့ သည် မီးပျက်မှုကို အခြေပြုကာ မီးစက်မီတာခ ဖြင့် မီတာခကောက်ခံရာတွင် အခြား ကွန်ဒို များထက် စျေးနှုန်းပိုမိုကြီးမြင့်သော စျေးနှုန်း တစ်ရပ်ဖြင့် ကောက်ခံနေမှုများ ရှိနေကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန်မှုများအရ သိရသည်။
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်တွင်ရှိ သည့် Diamond Inya Palace ကွန်ဒိုသည် ကိုယ်ပိုင်မီးစက်မီတာ( Generator Meter)ဖြင့် မီတာခ ကောက်ခံရာတွင် လတ်တလော၌ တစ်ယူနစ် ကျပ် ၂၄၀၀ နှုန်းဖြင့် ကောက်ခံ လျက်ရှိကြောင်း အဆိုပါကွန်ဒိုတွင် နေထိုင်သူ တစ်ဦးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ ဖြစ်သည့် Hnin Lei Aung အကောင့်တွင် ပြီးခဲ့သည့် ရက်ပိုင်းက ရေးသားထားခဲ့သည်။
“တတ်နိုင်သမျှ ၀ိုင်းရှဲပေးကြပါ။ ဒီကွန် ဒိုက ဒီလို ကိုယ်ချင်းမစာ မတရားကောက်ချင်သလို ကောက်နေတာ လူတွေကို သိစေချင် တယ်။ Generator Meterတစ်ယူနစ် ၂၄၀၀ ကျပ်... မြန်မာနိုင်ငံရဲ့ မီးစက်မီတာ စျေးအ အကြီးဆုံး ကွန်ဒိုမီးစက်မီတာ ကြိုက်သ လောက် ကောက်။ စိတ်မဝင်စားဘူးဆိုမှ အဲ ကွန်ဒိုကို စဉ်းစားပါ... တစ်ယူနစ် ၂၄၀၀ ဆို တာ လတိုင်း ထပ်တက်အုံးမှာနော်။ တစ်လ ကို ၂၀၀ စီတက်နေတာပါ။နောက် သုံးလဆို ၃၀၀၀ အထိ ဖြစ်လာနိုင်ပါတယ်” ဟု ၎င်းက ရေးသားထားသည်။
ယင်းကွန်ဒိုတွင် အခန်းစတင်ဝယ်ယူပြီး နေထိုင်စဉ်က တစ်ယူနစ်လျှင် ကျပ် ၁၆၀၀ သာရှိခဲ့ကြောင်း၊ ယင်းအချိန်တွင် စက်သုံးဆီ စျေးများ မြင့်တက်နေသည့်အချိန်ဖြစ်သည် ဟု Diamond Inya Palace ကွန်ဒိုတွင် ဝယ် ယူနေထိုင်နေသူတစ်ဦးကလည်း The Daily Eleven သတင်းစာသို့ ပြောကြားသည်။
“ကျွန်မ ဒီကွန်ဒိုကို စပြီး ဝယ်တုန်းက တစ်ယူနစ်ကို ၁၆၀၀ နဲ့ပဲ ကောက်တာ။ တစ်ယူနစ်ကို ၁၆၀၀ ကို ကောက်တဲ့အချိန်မှာ ဆီ စျေးက တအားမြင့်နေတဲ့ အချိန်ပေါ့နော်။ အခု ဆီစျေးက ကျနေတယ်။ အခု တစ်လီတာ ၂၀၀၀ အောက် ဆင်းလာပြီ။ ကျွန်မလည်း လိုက်စုံစမ်း လိုက်ကြည့်တဲ့အချိန်မှာ (တစ်ယူနစ်) တစ်ထောင်ပဲယူတဲ့ ကွန်ဒိုတောင် ရှိတယ်။ ၁၀၀၀၊ ၁၂၀၀ နဲ့ ၇၅၀ ယူတဲ့ ကွန်ဒိုတောင် ရှိတယ်။ ၁၅၀၀ က Average ပေါ့။ကျွန်မ ဒီမှာစနေတုန်းက ၁၆၀၀။ ပြီးတော့ နောက်လ ၁၇၀၀၊ နောက်လ ၁၉၀၀၊ နောက် ၂၀၀၀၊ နောက်လ ၂၂၀၀၊ ပြီးတော့ ၂၄၀၀ ဆိုပြီး လစဉ်ကို ဒီ Diamond Inya Palace က တက်နေတာ။ အဲဒီလိုမျိုးဖြစ်လာတော့မီးမလာတဲ့ဟာကို ခုတုံးလုပ်တာ၊ မီးပျက်လို့ ဒုက္ခရောက်နေတာကို တဖြည်းဖြည်းနဲ့ ခေါင်းပုံဖြတ် ခံရသလို ခံစားရပါတယ်”ဟု အဆိုပါကွန်ဒို တွင် ဝယ်ယူနေထိုင်သူတစ်ဦးကလည်း ပြောကြားသည်။
အဆိုပါကွန်ဒိုတွင် မီးစက်မီတာဖြင့် လျှပ်စစ်ဖြန့်ဝေရာ၌ ၂၀၂၂ ခုနှစ် နိုဝင်ဘာ အထိ ကျပ် ၁၆၀၀ ဖြင့် ကောက်ခံခဲ့သော်လည်း လစဉ် မီးစက်မီတာခနှုန်းထားများ တိုးမြှင့် ကောက်ခံလာခဲ့ရာ လက်ရှိတွင် တစ်ယူနစ် ကျပ်၂၄၀၀ နှုန်းဖြင့် ကောက်ခံနေခြင်းဖြစ် သည်ဟု အဆိုပါ ကွန်ဒိုတွင် နေထိုင်သူများ၏ ပြောကြားချက်အရ သိရသည်။
သို့ဖြစ်ရာ ယင်းကွန်ဒိုတွင် နေထိုင်သူ များအနေဖြင့် မီးစက်မီတာဖြင့် မီတာခ ကုန် ကျမှုတွင် သုံးစွဲမှုအလိုက် ကွာခြားချက်ရှိ သော်လည်း ပျမ်းမျှလစဉ် ကျပ် ၁၀ သိန်းဝန်း ကျင် ပေးဆောင်ကုန်ကျနေရကြောင်းလည်း ကွန်ဒိုတွင်နေထိုင်သူတစ်ဦးက ပြောကြား သည်။
“ကျွန်မတို့က အစိုးရမီတာ သုံးသိန်းကျ ရင် သူတို့မီတာ ရှစ်သိန်း၊ ဒါတောင် ကျွန်မတို့ တအားချွေတာတာနော်။ ပုံမှန်အားဖြင့် အ ခန်းတိုင်းက ၁၀ သိန်းအထက် ဆောင်နေရ တယ်။ အရမ်းမသုံးတဲ့သူက လေးငါးသိန်း ဆောင်ရပြီး ကျွန်မတို့က ပုံမှန် ၁၀ သိန်း ဝန်းကျင် ဆောင်ရတယ်။ ကျွန်မ ဒီလ ၁၁ သိန်းကျတယ်”ဟု ပြောကြားသည်။
အဆိုပါ ကွန်ဒို၏ မီးစက်မီတာဖြင့် မီ တာခကောက်ခံမှုပမာဏသည် ရန်ကုန်မြို့ရှိ ကွန်ဒိုအများစုတွင် ကောက်ခံလျက်ရှိသည့် မီးစက်မီတာနှုန်းထား ပျမ်းမျှ ကျပ် ၁၅၀၀၊ ၁၆၀၀ ဝန်းကျင်ကုန်ကျမှုများနှင့် နှိုင်းယှဉ်လျှင် များပြားနေသည်ကိုလည်း တွေ့ရသည်။ အရှေ့တောင် အာရှနိုင်ငံများတွင် လူနေမှု အဆင့်အတန်းမြင့်မားပြီး GDP Per capita အမြင့်ဆုံးဖြစ်သည့် လူတစ်ဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၉၁၁၀၀ ရှိသည့် စင်ကာပူနိုင်ငံတွင် အိမ်သုံးလျှပ်စစ်အတွက် ကျသင့်ငွေသည် 1KWH လျှင် အမေရိကန် ဒေါ်လာ ၀ ဒသမ၂၃၇ ဝန်းကျင်နှင့် လုပ်ငန်း သုံးမီတာအတွက် အမေရိကန်ဒေါ်လာ ၀ ဒသမ၂၆၇ ဝန်းကျင်သာ ကျသင့်ချိန်တွင် လူ တစ်ဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁၈၀ သာရှိသည့် မြန်မာနိုင်ငံတွင် မီးစက် အသုံးပြုမှု အတွက် မီတာခ တစ်ယူနစ်လျှင် ကျပ် ၂၄၀၀ နှုန်း ကောက်ခံကျသင့်နေခြင်းမှာ အံ့သြစရာဖြစ်နေသည်။ ဒေသတွင်းနိုင်ငံများ ၌ အချမ်းသာဆုံးနှင့် လူနေမှုအဆင့်အတန်း မြင့်သည့် စင်ကာပူနိုင်ငံ၏လျှပ်စစ်မီတာခ နှုန်းထားကုန် ကျစရိတ်ထက် ငါးဆဝန်းကျင် များပြားနေခြင်းမှာ မဖြစ်သင့်သော အခြေ အနေပင်ဖြစ်ပြီး မြန်မာနိုင်ငံတွင် အစိုးရက လက်ရှိကောက် ခံနေသော လုပ်ငန်းသုံးမီ တာ တစ်ယူနစ် ၁၈၀ ကျပ်နှင့် နှိုင်းယှဉ်လျှင်လည်း ၁၃ ဆဝန်းကျင်ခန့် များပြားနေခြင်းလည်း ဖြစ်သည်။
အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ယခုနောက်ပိုင်းတွင် မြန်မာနိုင်ငံသားများ ကွန်ဒိုဝယ်ယူမှုများ ပြားပြီး တစ်နှစ်လျှင် လူတစ်ဦးချင်းပျမ်းမျှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၈၁၈၁ ရှိသည့် ထိုင်းနိုင်ငံကိုကြည့်လျှင်လည်း လျှပ်စစ်မီတာ 1KWH လျှင် အမေရိကန် ဒေါ်လာ ၀ ဒသမ ၁၂၁ နှုန်းထားသာ ကောက်ခံကျသင့်လျက်ရှိ သည်။
ထို့အတူ အစိုးရတင်ဒါစနစ်ဖြင့် ကုမ္ပဏီမှ လျှပ်စစ်ဖြန့်ဝေလျက်ရှိသည့် မြိတ်မြို့တွင် ကောက်ခံလျက်ရှိသော တစ်ယူနစ်မီတာခ နှုန်းထက်လည်း နှစ်ဆခန့်ပိုမိုနေသည်ကို တွေ့ရသည်။
လက်ရှိမြိတ်မြို့တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဝေရန် တင်ဒါအောင်မြင်ခဲ့သည့် Petro & Trans ကုမ္ပဏီသည် ၂၀၂၀ ခုနှစ်တွင် တစ် ယူနစ်လျှင် ၃၈၀ ကျပ်ဖြင့် လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဝေခဲ့ပြီး နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက် ဒီဇယ်ဆီစျေးမြင့်တက်မှုကြောင့် လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံခဲ့ရာ လက်ရှိ တစ်ယူနစ် စျေးနှုန်းသည် ကျပ် ၁၂၀၀ ဝန်း ကျင်ဖြစ်သည်။
ရန်ကုန်မြို့ရှိ အခြားနာမည်ကြီး ကွန်ဒို များဖြစ်သည့် Central ၊ Star City ၊ Golden City ကွန်ဒိုများအပါအဝင် ရန်ကုန်မြို့မှ ကွန်ဒို အများစုသည် မီးစက်မီတာဖြင့် မီးဖြန့်ဝေရာ တွင် ကျပ် ၁၅၀၀၊ ၁၆၀၀ ဝန်းကျင်နှုန်းဖြင့် သာ အများစု ဖြန့်ဝေကောက်ခံနေကြကြောင်းစုံစမ်းသိရှိရသည်။
ရန်ကင်းမြို့နယ်တွင် တည်ရှိသည့် ရွှေမိုးကောင်းကွန်ဒိုမှ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ ကွန်ဒိုမှာက Generator Meter နဲ့ကို တစ်ယူနစ်ကို အရင်က ၁၂၀၀ ကျပ်နဲ့ ကောက်တယ်။ နောက်ပိုင်း စက်သုံးဆီဝယ်ရတာ ခက်လာလို့ သုံးလေးလလောက်ရှိပြီ တစ်ယူနစ်ကို ၁၅၅၀ ကျပ်နဲ့ ၁၆၀၀ ကျပ်ဆိုပြီး ကောက်ခံနေတယ်။ မီးပျက်တဲ့အချိန်က ကျွန်တော်တို့ စစ်တမ်းလုပ်ထားတဲ့ စာရင်းအရဆို ရင် ပြီးခဲ့တဲ့ မေလမှာ ကျွန်တော်တို့ဆီမှာ လေးနာရီလာတဲ့ မီးပေးမှုစနစ်အရ တစ်လလုံးမှာ မီးပျက်တဲ့ အချိန်က နာရီ ၂၃၀ ကျော်ရှိခဲ့တယ်။ ဒီအချိန် ကာလအတွင်း ကွန်ဒိုမှာ နေထိုင်တဲ့ သူတွေရဲ့ မီတာ အသုံးစရိတ်ကုန်ကျမှုကတော့ သူတို့ သုံးသလောက် အမျိုးမျိုးကျသင့်တာကို တွေ့ရ တယ်။ သုံးစွဲခဲ့တဲ့အခြေအနေအပေါ် မူတည်ပြီး တချို့အခန်းတွေက ကျပ် ငါး သောင်းလောက်၊ တချို့ဆိုရင် သုံးလေးသိန်း ကျသင့်တဲ့အခန်းတွေလည်းရှိတယ်”ဟု ပြော ကြားသည်။
အခြားကွန်ဒိုများတွင် ကောက်ခံသည့် မီးစက် မီတာခနှုန်းထားထက် Diamond Inya Palace ကွန်ဒို၏ မီးစက်မီတာခ နှုန်းထား ကြီးမြင့်မှုနှင့် ပတ်သက်၍ အဆိုပါ ကွန်ဒိုတွင် နေ ထိုင်သူတစ်ဦးက “အမှန်အတိုင်းပြောရရင် ရန်ကုန်တစ်မြို့လုံး Diamond Inya ရဲ့ Rate ကို မှီတဲ့ ကွန်ဒိုရှိရင် လက်ဆွဲပြီးသာခေါ်ခဲ့။ စျေးကြီး လှပါပြီဆိုတဲ့ Central တောင် ၁၆၈၀ ပဲကျတယ်လို့ သိရတယ်။ အကုန်စုံစမ်းပြီးပြီ ၁၅၀၀ က အကုန် Average ပဲလို့ ပြောရမယ်” ဟု ဆိုသည်။
ထိုကဲ့သို့ ရန်ကုန်မြို့ရှိ ကွန်ဒိုများတွင် မီးစက်မီတာခနှုန်းထားကို ကျပ် ၁၅၀၀ ဝန်း ကျင်ဖြင့် ကောက်ခံနေချိန်တွင် အခန်းပေါင်း ၃၅၀ ကျော်ရှိပြီး လက်ရှိတွင် လူနေထိုင်သည့် တိုက်ခန်း ၁၀၀ ကျော်ရှိသည့် Diamond Inya Palace ကွန်ဒိုအား MGW ကုမ္ပဏီလီမိတက် က Developer အဖြစ် ဆောင်ရွက်လျက်ရှိ ကြောင်း၊ လက်ရှိကောက်ခံလျက်ရှိသည့် မီးစက်မီတာ တစ်ယူနစ် ၂၄၀၀ နှုန်းထားအထိ ကောက်ခံမှုနှင့်ပတ်သက်၍ ကွန်ဒိုတွင် နေ ထိုင်သူများကို သဘောထားတောင်းခံခြင်း မရှိကြောင်း၊ မီးစက်မီတာခ တိုးမြှင့်ပြီး ကောက် ခံခြင်းအပေါ် အသေးစိတ် ရှင်းလင်းပြောကြား မှုနှင့် ပြုပြင်ထိန်းသိမ်းစရိတ် စသည်တို့တွင်လည်း တစ်စုံတစ်ရာ တိုင်ပင်ဆွေးနွေးမှုမရှိ ခြင်း၊ စာရင်းရှင်းလင်း အသိပေးမှုမရှိခြင်းတို့အပေါ် ကွန်ဒိုတွင်နေထိုင်သူအချို့က ထောက်ပြ ပြောဆိုမှုများလည်း ရှိနေသည်။
ထို့ပြင် အဆိုပါကွန်ဒိုတွင် အိမ်ရာကော်မတီ ဖွဲ့စည်းထားခြင်းမရှိသေးဘဲ Developer ကသာ ကွန်ဒိုနှင့် ပတ်သက်သည့်ကိစ္စများကို Property Department ဖြင့်သာ ဝန်ဆောင်မှုကိစ္စများအတွက် ဆောင်ရွက်နေဆဲဖြစ် ကြောင်း အဆိုပါကွန်ဒိုတွင် နေထိုင်သူများထံမှ သိရသည်။
“ကျွန်မတို့ Viber ဂရုမှာဆိုရင် သူတို့ကို ပြောတာ ပွထနေတာပဲ။ကျွန်မတို့က တောင်းဆိုတော့ သူဌေးဆီကို တိုက်ရိုက်ဆက်လို့ မရ ဘူး။ ကျွန်မတို့က Property Department ကို ပဲ ဆက်ရတယ်။ အဲဒီဌာနကလူတွေက ဝန်ထမ်းပဲ ဖြစ်တဲ့အတွက် ကျွန်မတို့ကို “ဟုတ်ကဲ့၊ ဟုတ်ကဲ့ ပြောပေးလိုက်ပါ့မယ်”ပြောတယ်။ အဲဒီလို ပြောပေးလိုက်ပါ့မယ်ပြောရင်းကို မီတာခက လစဉ်တက်နေတာ”ဟု ကွန်ဒိုတွင် နေထိုင်သူတစ်ဦးကလည်း ဆိုသည်။
၎င်းကွန်ဒိုတွင် နေထိုင်သူများက အိမ်ရာကော်မတီဖွဲ့စည်းပေးရန် လိုလားနေသော်လည်း လက်ရှိအထိ အိမ်ရာကော်မတီ ဖွဲ့ စည်းနိုင်ခြင်း မရှိသေးဘဲ နောင်တွင် ဖွဲ့စည်း ပေးမည်ဟု အကြောင်းပြန်ခြင်းသာ သိရသည် ဟုလည်း ကွန်ဒိုတွင် နေထိုင်သူများက ဆို သည်။
အိမ်ရာကော်မတီဖွဲ့စည်းနိုင်ခြင်း မရှိသေးခြင်းကြောင့် ကွန်ဒိုစီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စများတွင် ယခုကဲ့သို့ အငြင်းပွားစရာများ၊ ပြဿနာများ ဖြစ်ပွားခြင်းဖြစ်ကြောင်းလည်း ကွန်ဒိုတွင် နေထိုင်သူတစ်ဦးက သုံးသပ် ပြော ကြားသည်။
“ဖြစ်စေချင်တာကတော့ ဒီဟာကို သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ်အလိုက် တာဝန်ရှိ တဲ့သူတွေလည်း သိစေချင်တယ်။ ဒီဟာကို Control လေး ထားစေချင်တယ်။ ကျွန်မတို့ ကွန်ဒိုမှ မဟုတ်ဘူး။ ကွန်ဒိုအားလုံး ပြင်ပဆီ ပေါက်စျေးရဲ့ ဘယ်လောက်နှုန်းထားပဲ ယူရ မယ်ဆိုတဲ့ နှုန်းထား သတ်မှတ်ပေးစေချင် တယ်။ ကျွန်မဖြစ်စေချင်တာက Developer တွေကို အပြင်ဆီတစ်လီတာရဲ့ပေါက်စျေးနဲ့ တွက်ပြီး သတ်မှတ်နိုင်ဖို့ လူကြီးတွေ သိသွားမယ်ဆိုတဲ့ ကျွန်မတို့ ကွန်ဒိုနေတဲ့သူတွေအား လုံး အဆင်ပြေသွားမယ်လို့ ထင်တယ်။ အခု ကျတော့ ကျွန်မတို့ မဆောင်ရင် ကျွန်မတို့က ၀ ဒသမ ၁ ရာခိုင်နှုန်းတက်မယ်။ နောက်ဆုံး မဆောင်ရင် ရေဖြတ်ခံရ၊ မီးဖြတ်ခံရမယ်။ အဲဒီလိုပုံစံမျိုးဆိုတော့ ကျွန်မတို့က နောက်လ တွေမှာ ၂၆၀၀ ကောက်လည်း ကျွန်မတို့က ပြောလို့မရဘဲ ငြိမ်ခံနေရတော့မယ်။ ၃၀၀၀ အထိကောက်လည်း ငြိမ်ခံနေရမယ့် သဘော ဖြစ်နေတယ်”ဟု အဆိုပါကွန်ဒိုတွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။
ထို့ပြင် မီးပြတ်တောက်မှုအပေါ် အခြေပြုကာ မီးစက်မီတာခနှုန်းထားကို စိတ်ကြိုက် လိုသလို ကောက်ခံခြင်း မပြုနိုင်စေရန် သက်ဆိုင်ရာအစိုးရဌာနများက ကြားဝင်ကာ Developer များကို ပြင်ပစက်သုံးဆီ စျေးနှုန်း အခြေခံကာ နှုန်းထားတစ်ခု သတ်မှတ်ပေးရန် လည်း အဆိုပါ ကွန်ဒိုတွင်နေထိုင်သူအချို့က လိုလားလျက်ရှိကြောင်း သိရသည်။
စုပေါင်းပိုင်အဆောက်အအုံ အသင်းဖွဲ့ စည်းရေးနှင့် ပတ်သက်၍လည်း ၂၀၁၇ ခုနှစ် ဒီဇင်ဘာအတွင်း အတည်ပြုထုတ်ပြန်ခဲ့သည့် စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ နည်းဥပ ဒေ၏ အခန်း(၁၀) ယာယီအဖွဲ့ဖွဲ့စည်းခြင်း အခန်းတွင် (က)စုပေါင်းပိုင် အဆောက်အအုံ ပြီးစီး၍ အဆောက်အအုံပြီးစီးကြောင်း လက် မှတ်ရရှိပြီးနောက် အိမ်ခန်းများတွင် နေထိုင် သူအနည်းဆုံး ၃၀ ရာခိုင်နှုန်းမပြည့်သဖြင့် အသင်းဖွဲ့စည်းခြင်းမပြုနိုင်မီ ယင်းအဆောက် အအုံကို စီမံခန့်ခွဲရန်နှင့် ထိန်းသိမ်းစောင့် ရှောက်ရန် နေထိုင်လျက်ရှိသည့် စုပေါင်းပိုင်များ အချင်းချင်း ညှိနှိုင်း၍ အဖွဲ့ ဝင်အနည်းဆုံး သုံးဦးပါဝင်သော ယာယီအဖွဲ့ကို ဖွဲ့စည်းပြီး အမှုဆောင်အဖွဲ့၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည်၊ အိမ်ခန်းများတွင်နေထိုင်သူ ၃၀ ရာခိုင်နှုန်းနှင့် အထက်ပြည့်မီသောအခါ ယင်းအဆောက်အအုံကိုစီမံခန့်ခွဲရန်နှင့် ထိန်း သိမ်းစောင့်ရှောက်ရန် နေထိုင်လျက်ရှိသည့် စုပေါင်းပိုင်သူများအားလုံး အသင်းဝင်အဖြစ် ပါဝင်သည့် စုပေါင်းပိုင်အဆောက်အအုံ အ သင်းဖွဲ့စည်းရေးကို အထက်ပါနည်း ဥပဒေခွဲ (က) အရ ဖွဲ့စည်းထားသော ယာယီအဖွဲ့က ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြဋ္ဌာန်း ထားကြောင်း သိရသည်။















