ဖေမီနို အနိုင်ဂိုးသွင်းစဉ် အရန်ခုံတန်း၌ ဆာလာ ရေသန့်ဘူးလွှင့်ပစ်သည့်အပြုအမူအားမိုက်ကယ်အိုဝင်၊ ဖာဒီနန်နှင့် လီဗာပူးလ်ပရိသတ်များ ကာကွယ်

ဖေမီနို အနိုင်ဂိုးသွင်းစဉ် အရန်ခုံတန်း၌ ဆာလာ ရေသန့်ဘူးလွှင့်ပစ်သည့်အပြုအမူအားမိုက်ကယ်အိုဝင်၊ ဖာဒီနန်နှင့် လီဗာပူးလ်ပရိသတ်များ ကာကွယ်
Published 20 September 2018

 

Photos: Getty Images

 

ပြီးခဲ့သည့်အင်္ဂါနေ့က ကစားခဲ့သော ချန်ပီယံလိဂ်အုပ်စုပွဲစဉ် လီဗာပူးလ် (၃-၂) PSG ပွဲတွင် ဘရာဇီးလ်တိုက်စစ်မှူး ဖေမီနို အနိုင်ဂိုးသွင်းချိန်၌ အရန်ခုံတန်းတွင် အီဂျစ်တိုက်စစ်မှူး ဆာလာ ပြုလုပ်ခဲ့သည့်အပြုအမူမှာ မေးခွန်းထုတ်စရာဖြစ်စေခဲ့သည်။

ယင်းပွဲ၏ ပွဲချိန်(၉၁)မိနစ် တွင် ဖေမီနိုက အသင်းအတွက်အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းဂိုးမသွင်းမီ (၆)မိနစ်ခန့်အလို ပွဲချိန်(၈၅)မိနစ်တွင် ဆာလာမှာ ဆွစ်ဇာလန်ကွင်းလယ်လူ ရှာကီရီနှင့် လူစား လဲခံခဲ့ရသည်။ လူစားလဲခံစဉ်ကပင် ဆာလာသည် ကွင်းအတွင်းမှ စိတ်မသက်သာသည့်အမူအရာဖြင့် ထွက်လာပြီး အရန်ခုံတွင် ထိုင်နေခဲ့သည်။ ယင်းအချိန်မှာ PSG အသင်းဘက်သို့ ဒုတိယချေပဂိုးပေးခဲ့ရပြီး (၂-၂)ဂိုးဖြင့် သရေကျနေချိန်ဖြစ်သည်။

နာကျင်အချိန်ပိုတွင် ဖေမီနို အနိုင်ဂိုးသွင်းယူရာ၌ လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်မှာ ကွင်းဘေးတွင် ပျော်ရွှင်စွာဖြင့် အောင်ပွဲခံခဲ့သော်လည်း (၎င်း၏နောက်တွင်ရှိနေ သည့်) အရန်ခုံတန်းတွင်ထိုင်နေသော ဆာလာက သူ၏လက်ထဲမှ ရေသန့်ဘူးကို မြေကြီးပေါ်သို့ ဆောင့်ကာပစ်ချခဲ့ခြင်းဖြစ်သည်။ ၎င်း၏လုပ်ရပ်ကို BT Sports ရုပ်သံ၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပရိသတ်များ တွေ့မြင်ခဲ့ရပြီး လူမှုကွန်ရက်စာမျက်နှာများ၌ ဝေဖန်မှုများနှင့်အတူ မေးခွန်းများထွက်ပေါ်လာခဲ့သည်။

သို့သော် လီဗာပူးလ်တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်၊ မန်ယူနောက်ခံလူဟောင်း ရီယို ဖာဒီနန်နှင့် လီဗာပူးလ်ပရိသတ်များက ဆာလာ၏လုပ်ရပ်ကို အပြစ်မမြင်ဘဲ အကောင်းမြင်စိတ်ဖြင့် ကာကွယ်ပြောကြား ခဲ့ကြကြောင်း သိရှိရသည်။ ဖာဒီနန်က "ဒါဟာ အောင်ပွဲခံတဲ့လုပ်ရပ်လို့ ကျွန်တော်မြင်ပါတယ်။ ဆာလာဟာ ကွင်းဘေးစည်းမှာ သူ့ဘာသာသူ အောင်ပွဲခံလိုက်တာပါ။ ဂိုးဝင်တဲ့အချိန်မှာ သူ့ရဲ့လက်ကလည်း အပေါ်ကို မြောက်နေတယ်လေ" ဟု ပြောကြားခဲ့သည်။

မိုက်ကယ်အိုဝင်က "ဒါဟာ သူ ပျော်ရွှင်ပြီး လုပ်ခဲ့တဲ့လုပ်ရပ်တစ်ခုလို့ မြင်ပါတယ်" ဟု ပြော ကြားခဲ့သည်။ လီဗာပူးလ်ပရိသတ်အများစုကလည်း လီဗာပူးလ်အသင်း အနိုင်ဂိုးရရှိခြင်းကြောင့် ဆာလာအနေဖြင့် ကျေနပ်ပျော်ရွှင်စွာ အောင်ပွဲခံခဲ့ခြင်းဖြစ်သည်ဟု လူမှုကွန်ရက်စာမျက်နှာများတွင် အသီးသီးရေးသားခဲ့ကြသည်။

 

Most Read

Most Recent