Photos: Daily Express
မန်ယူအသင်းအမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်ဒ်သည် အက်သလက်တီကိုအသင်း၏ ကစားသမားအပြောင်းအရွှေ့ဒါရိုက်တာ အန်ဒရီယာဘာတာကို အသင်း၏ ဘောလုံးဒါရိုက်တာအဖြစ် ခန့်အပ်ရန် ပစ်မှတ်ထားနေ ကြောင်း သိရှိရသည်။ အန်ဒရီယာဘာတာသည် အက်သလက်တီကိုအသင်းသို့ အိုဘလက်ခ်၊ ဟီမင်နက်ဇ် အစရှိသော ကစားသမားများအပါအဝင် အကျိုးရှိသည့်ကစားသမားများစွာ ခေါ်ယူပေးနိုင်ခဲ့သူတစ်ဦးဖြစ်သည်။
ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဂရီးဇ်မန်းအား ဘာစီလိုနာအသင်းက ခေါ်ယူရန် ကြိုးပမ်းခဲ့ရာတွင်လည်း ၎င်းက ဂရီးဇ်မန်းကို လက်မလွှတ်ရရန် ထိန်းသိမ်းနိုင်ခဲ့ပြီး စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့သည်။ သို့ဖြစ်ရာ ကစား သမားအပြောင်းအရွှေ့ဈေးကွက်တွင် ကျွမ်းကျင်ပိုင်နိုင်စွာ လှုပ်ရှားဆောင်ရွက်နေသည့် အန်ဒရီယာဘာတာကို မန်ယူအသင်းက ခေါ်ယူရန် ပစ်မှတ်ထားနေခြင်းဖြစ်သည်။
ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလအတွင်း အက်ဒ်ဝုဒ်ဝက်ဒ်သည် အသင်းနည်းပြ မော်ရင်ဟိုအလိုရှိသော ကစားသမားများကို ခေါ်ယူမပေးနိုင်ခဲ့၍ မော်ရင်ဟို နှင့် ၎င်းအကြား ဆက်ဆံရေးတင်းမာခဲ့သလို၊ မန်ယူပရိသတ်များကလည်း ၎င်းအပေါ် ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြသည်။
သို့ဖြစ်ရာ အက်ဒ်ဝုဒ်ဝက်ဒ်သည် မန်ယူအသင်းသမိုင်းကြောင်းတစ်လျှောက် မရှိခဲ့ဖူးသော ရာထူးဖြစ်သည့် ဘောလုံးဒါရိုက်တာရာထူးကို ခန့်အပ်ရန် စီစဉ်နေခြင်းဖြစ်သည်။ ခန့်အပ်ခံရသည့် ဘောလုံးဒါရိုက်တာအနေဖြင့် အသင်း၏ ကစားသမားအပြောင်းအရွှေ့လှုပ်ရှားမှုများကို အဓိကဆောင်ရွက်ပေးရမည်ဖြစ်သည်။ အက်ဒ်ဝုဒ်ဝက်ဒ်သည် ဂျူဗင်တပ်စ်အသင်း၏ အားကစားဒါရိုက်တာ ပါရာတီချီ၊ လိုက်ပ်ဇစ်အသင်း ကစားသမားအ ပြောင်းအရွှေ့ဒါရိုက်တာ ပေါလ်မစ်ချယ်တို့ကိုလည်း ပစ်မှတ်ထားနေကြောင်း သိရသည်။