ကာဒစ်ဖ်အတွက် ဂိုးသမား အီသာရစ် ယူပေးတဲ့ အဖိုးတန်တစ်မှတ်

ကာဒစ်ဖ်အတွက် ဂိုးသမား အီသာရစ် ယူပေးတဲ့ အဖိုးတန်တစ်မှတ်
Published 19 August 2018

Photo: Getty Images

ပရီးမီးယားလိဂ် ပွဲစဉ် (၂)ရဲ့ အစောဆုံးပွဲစဉ်အဖြစ် ကာဒစ်ဖ်အသင်းနဲ့ နယူးကာဆယ်အသင်းတို့ ယှဉ်ပြိုင်ခဲ့ရာမှာတော့ ဂိုးမရှိသရေရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

အဖွင့်ပွဲစဉ်မှာ ရှုံးပွဲကိုယ်စီကြုံထားတဲ့အသင်း (၂)သင်းဖြစ်လို့ နိုင်ပွဲရရေးပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီး ကာဒစ်ဖ်အတွက်တော့ အဖိုးတန်သရေတစ်မှတ်ကိုရရှိခဲ့တယ်လို့ပဲဆိုရပါမယ်။

ကာဒစ်ဖ်ဟာ အိမ်ကွင်းမှာ အမှတ်ရဖို့ အီသာရစ်၊ မော်ရင်ဆင်၊ ဝှိုက်လတ်တို့လိုအဓိကကစားသမားအစုံအလင်နဲ့ နယူးကာဆယ်အသင်းကိုတုံ့ပြန်ခဲ့တာပါ။

နယူးကာဆယ်အသင်းကတော့ အဝေးကွင်းမှာ အားနည်းတဲ့တန်းတက်အသင်းဆီက အမှတ်ပြည့်ရဖို့အတွက် ကန်နေဒီ၊ ရှယ်လ်ဗေး၊ ဟိုဆေးလူ၊ အယိုဇေပီရက်ဇ်တို့လို အဓိကကစားသမားအစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီး ဖိအားပေးကစားဖို့ကြိုးစားခဲ့ပါတယ်။

ဒီနေ့ပွဲမှာ အသိအမှတ်ပြုရမှာက ကာဒစ်ဖ်အသင်းရဲ့ခံစစ်ပိုင်းနဲ့ ဂိုးသမားအီသာရစ်တို့ရဲ့စွမ်းဆောင်ရည်ဖြစ်ပြီး နယူးကာဆယ်အသင်းကို မာမာထန်ထန်ရင်ဆိုင်နိုင်ခဲ့ပါတယ်။

နယူးကာဆယ်အသင်းကတော့ ဂိုးရလိုစိတ်များနေပြီး အခွင့်အရေးတွေရခဲ့ပေမယ့် အဆုံးသတ်ပိုင်းအားနည်းမှုတွေကြောင့် အရာမထင်ခဲ့ပါဘူး။

ပွဲချိန် (၆၆) မိနစ်မှာ နယူးကာဆယ်အသင်းရဲ့ လူစားဝင်ကစားသမား ဟေဒန် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရလို့ မိနစ် (၃၀)ကျော်လောက် နယူးကာဆယ်ရဲ့ တစ်လောက်လျော့နဲ့ ကစားခဲ့ရပေမယ့် ကာဒစ်ဖ်တို့ အခွင့်အရေး မယူနိုင်ခဲ့ပါဘူး။

ဟေဒန်ဟာ ၂၀၁၇ သြဂုတ်လနောက်ပိုင်း ပရီးမီးယားလိဂ်မှာ လူစားဝင်ပြီး အနီကတ်ပြခံရသူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒီပွဲရဲ့ ကံကြမ္မာအလှည့်အပြောင်းက ပွဲပြီးဖို့နောက်ဆုံးမိနစ်မှာဖြစ်ပေါ်ခဲ့ပေမယ့် ကာဒစ်ဖ်ဂိုးသမားအီသာရစ်တားဆီးနိုင်ခဲ့ပါတယ်။

မိနစ် (၉၀)ပြည့်ပြီး နာကျင်အချိန်ပို (၆)မိနစ်မှာ ကာဒစ်ဖ်အသင်းရဲ့ ပယ်နယ်တီဧရိယာအတွင်း လက်ထိဘောကြောင့် နယူးကာဆယ်တို့ ပယ်နယ်တီရခဲ့ပါတယ်။ ဒီပယ်နယ်တီကို ကန်နေဒီကန်သွင်းရာမှာ ကာဒစ်ဖ်အသင်းရဲ့ ဖိလစ်ပိုင်လက်ရွေးစင်ဂိုးသမား အီသာရစ်ကာကွယ်နိုင်ခဲ့တာကြောင့် နယူးကာဆယ်တို့ အနိုင်ရလဒ်နဲ့ဝေးခဲ့တာပါ။

အီသာရစ်ဟာ ပြီးခဲ့တဲ့ ဘုန်းမောက်အသင်းကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ် (၁)မှာလည်း ပယ်နယ်တီကာကွယ်နိုင်ခဲ့တာကြောင့် ကစားသမားဘ၀ ပထမဆုံးပရီးမီးယားလိဂ် (၂)ပွဲဆက် ပယ်နယ်တီကာကွယ်နိုင်ခဲ့တဲ့ ပထမဆုံးဂိုးသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

 

Most Read

Most Recent