၂၄ နှစ်အကြာတွင် ယှဉ်ပြိုင်မည့် အာရှအားကစားပြိုင်ပွဲ၌ မြန်မာအသင်း မြောက်ကိုရီးယားနှင့် ယနေ့ကစားမည်

၂၄ နှစ်အကြာတွင် ယှဉ်ပြိုင်မည့် အာရှအားကစားပြိုင်ပွဲ၌ မြန်မာအသင်း မြောက်ကိုရီးယားနှင့် ယနေ့ကစားမည်
Published 15 August 2018

အာရှအားကစားပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၃ အသင်းသားများ (ဓာတ်ပုံ - ညီညီစိုးညွန့်)

အာရှအားကစားပြိုင်ပွဲ၌ နှစ်ပေါင်း ၂၄ နှစ်အကြာတွင် တစ်ကျော့ပြန်ဝင်ရောက်ယှဉ်ပြိုင်သည့် မြန်မာအမျိုးသားဘောလုံးအသင်းသည် အုပ်စုပထမပွဲအဖြစ် မြောက်ကိုရီးယားအသင်းနှင့် သြဂုတ် ၁၅ ရက် (ယနေ့) ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

အာရှအားကစားပြိုင်ပွဲ၏ အမျိုးသား ဘောလုံးပြိုင်ပွဲတွင် ကျန်ရှိသည့် အုပ်စု (E) နှင့် (F) ပွဲစဉ်များကို ယနေ့ စတင်မည်ဖြစ်ပြီး မြန်မာအသင်းသည် ယနေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် မြောက်ကိုရီးယားအသင်း နှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ အသင်းသည် အုပ်စု (F) တွင် အာရှထိပ်သီးအသင်းများဖြစ်သည့် မြောက်ကိုရီးယား၊ အီရန်၊ ဆော်ဒီအာရေဗျတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး နောက်တစ်ဆင့်တက်ရောက်ရန် ခက်ခက်ခဲခဲကစားရဖွယ်ရှိနေသည်။ မြန်မာအသင်းသည် အာရှအားကစားပြိုင်ပွဲတွင် ၁၉၉၄ ခုနှစ်က နောက်ဆုံးယှဉ်ပြိုင်ခဲ့ပြီး ၂၄ နှစ်အကြာတွင် တစ်ကျော့ပြန် ယှဉ်ပြိုင်ရာ အာရှအင်အားကြီးအသင်းများနှင့် အုပ်စုကျပ်အတွင်း ကျရောက်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းနှင့် မြောက်ကိုရီးယားအသင်းသည် အာရှအားကစားပြိုင်ပွဲ၌ သုံးကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပြီး မြောက်ကိုရီးယားအသင်း ပထမဆုံးယှဉ်ပြိုင်သည့် ၁၉၇၄ ပြိုင်ပွဲနှင့် ၁၉၇၈ ပြိုင်ပွဲတွင် နှစ်ကြိမ်ဆက်တိုက် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ပြီးခဲ့သည့်နှစ်ကြိမ်တွင် တစ်ပွဲသရေ၊ တစ်ပွဲရှုံးထားပြီး ၁၉၇၄ ပြိုင်ပွဲ၌ နှစ်ဂိုးစီသရေကျကာ ၁၉၇၈ ပြိုင်ပွဲတွင် (ဝ-၃) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ အမျိုးသားဘောလုံးပြိုင်ပွဲကို အုပ်စုခြောက်ခုခွဲ၍ ကျင်းပလျက်ရှိပြီး ပြိုင်ပွဲကျင်းပရေးကော်မတီ၏ စီမံခန့်ခွဲမှု အားနည်းခြင်းကြောင့် အသင်း နှစ်သင်းကျန်ခဲ့ခြင်း၊ အီရတ်အသင်း နုတ်ထွက်ခြင်းကြောင့် အုပ်စု အပြောင်းအလဲဖြစ်ပေါ် ခြင်းများရှိခဲ့ပြီး နောက်ဆုံးတွင် ငါးသင်း တစ်အုပ်စု၊ လေးသင်း ငါးအုပ်စုခွဲ၍ ကျင်းပမည် ဖြစ်သည်။ မြန်မာအမျိုးသားဘောလုံးအသင်းသည် အာရှအားကစားပြိုင်ပွဲ ယှဉ်ပြိုင်ရန် ရက် ၂၀ ကျော် လေ့ကျင့်ပြင်ဆင်ထားပြီး နောက်တစ်ဆင့်တက်ရောက်ရန် ရုန်းကန်ရဖွယ်ရှိနေသည်။

မြန်မာအမျိုးသားဘောလုံးအသင်းသည် အာရှအားကစားပြိုင်ပွဲတွင် ပြိုင်ပွဲစတင်သည့် ၁၉၅၁ ခုနှစ်ကတည်းက စတင်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်နှစ်ကြိမ်၊ ကြေးတံဆိပ် တစ်ကြိမ်ရကာ ပြိုင်ပွဲ၏ တတိယအအောင်မြင်ဆုံး အသင်းအဖြစ် အိန္ဒိယအသင်းနှင့် ပူးတွဲရပ်တည်လျက်ရှိသည်။ မြန်မာအသင်းသည် ရွှေဆုကို ၁၉၆၆ နှင့် ၁၉၇၀ ပြိုင်ပွဲတွင် နှစ်ကြိမ်ဆက်တိုက်ရယူနိုင်ခြင်းဖြစ်သည်။

Most Read

Most Recent