ဆန်းချက်ဇ်အား မန်ချက်စတာနှစ်သင်း အပြိုင်အဆိုင် ကမ်းလှမ်းခေါ်ယူမှုကို ပရိသတ်များ တွေ့မြင်ရဖွယ်ရှိ

ဆန်းချက်ဇ်အား မန်ချက်စတာနှစ်သင်း အပြိုင်အဆိုင် ကမ်းလှမ်းခေါ်ယူမှုကို ပရိသတ်များ တွေ့မြင်ရဖွယ်ရှိ
Published 15 January 2018

Photos: Mirror

အာဆင်နယ်အသင်း၏ ချီလီတောင်ပံတိုက်စစ်ကစားသမား ဆန်းချက်ဇ်အား မန်ချက်စတာ မြို့ခံအသင်းနှစ်သင်းဖြစ်သည့် မန်ယူအသင်းနှင့် မန်စီးတီးအသင်းတို့က အပြိုင်အဆိုင်ကမ်းလှမ်း ခေါ်ယူမှုကို တွေ့မြင်ရမည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့ကြသည်။

အာဆင်နယ်အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှုမရသော ဆန်းချက်ဇ်ကို ခေါ်ယူရန် မန်စီးတီးအသင်းက ကြိုးပမ်းလျက်ရှိ ပြီး တစ်ပတ်လစာငွေ ပေါင်(၂၉၀၀၀၀)ပေးရန် စီစဉ်ထားသည်။ မန်စီးတီးအသင်းတာဝန်ရှိသူများသည် ဆန်းချက်ဇ်အား စာချုပ်သက်တမ်းကုန်ဆုံးမည့်နွေရာသီမှ အလွတ်ခေါ်ယူလိုသော်လည်း မန် စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ယခုဇန်နဝါရီ အပြောင်းအရွှေ့ ကာလအတွင်းခေါ်ယူရန် တောင်းဆိုနေသဖြင့် မန်စီးတီးအသင်းက ပေါင်(၂၅) သန်း ဖြင့် ကြိုးပမ်းနေကြောင်း သတင်းများထွက်ပေါ်နေသည်။ သို့သော် အာဆင်နယ်အသင်းက ဆန်းချက်ဇ်အတွက် အနည်းဆုံးပေါင်(၃၅)သန်းခန့်အ လိုရှိနေသဖြင့် အပြောင်းအရွှေ့မှာ ဖြစ်ပေါ်မလာ သေးခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းအခြေအနေတွင် မန်စီးတီးအသင်း၏မြို့ခံပြိုင်ဘက် မန်ယူအသင်းက ဆန်းချက်ဇ်ကိုခေါ်ယူရန်ကြိုးပမ်းလာပြီး ပရီးမီးယားလိဂ်စံချိန် တင်လစာငွေ တစ်ပတ်ပေါင်(၃)သိန်းခွဲဖြင့်ကမ်းလှမ်းရန်စီစဉ်နေကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။ ထို့ပြင် မန်ယူအသင်းသည် ဆန်းချက်ဇ်အား လက်မှတ်ထိုးကြေး ပေါင်(၂၅)သန်းပေးသွားမည်ဖြစ်ပြီး အာဆင်နယ်အသင်းကို ပြောင်းရွှေ့ ကြေး ပေါင်သန်း(၃၀)၊ ဆန်းချက်ဇ်၏အေးဂျင့်ကို ပေါင်(၅)သန်းပေးသွားမည်ဟု ဗြိတိန်သတင်းစာများက ဖော်ပြခဲ့ကြသည်။

မန်ယူအသင်းသည် ဆန်းချက်ဇ်ကိုခေါ်ယူရန်အတွက် ငွေကြေးများစွာ ပုံအောသုံးစွဲသွားမည်ဖြစ်ပြီး လာမည့်နွေရာသီတွင် ရီးယဲလ်တောင်ပံကစားသမား ဂါရတ်ဘေးလ်၊ အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူး ဂရစ်ဇ် မန်းတို့အား ခေါ်ယူမည့်အစီအစဉ်များကိုပင် ပယ်ဖျက်သွားမည်ဖြစ်ကြောင်း Daily Express သတင်းစာက ဖော်ပြခဲ့သည်။

အာဆင်နယ်အသင်းမှ ဆန်းချက်ဇ်ထွက်ခွာရန်မှာ သေချာသလောက်ရှိနေပြီး သူ၏အပြောင်း အရွှေ့အတွက် ဆန်းချက်ဇ်၏မိသားစုသည် ပြီးခဲ့သည့်စနေနေ့က လန်ဒန်မြို့သို့ရောက်ရှိလာခဲ့ ကြောင်း Telegraph သတင်းစာက ရုပ်ပုံများနှင့်တကွ ဖော်ပြခဲ့သည်။

Most Recent