ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးဟန်ဇော်အား ခန့်အပ်ရန် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးဟန်ဇော်အား ခန့်အပ်ရန် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ
Published 16 January 2018

ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးဟန်ဇော်အား ခန့်အပ်ရန် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြထားကြောင်း သိရသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးဟန်ဇော်အား တာဝန်ပေးအပ်ရန် နိုင်ငံတော်သမ္မတထံမှ ပြည်ထောင်စု လွှတ်တော်နာယကထံ သဝဏ်လွှာ ပေးပို့ထားကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၃၂၊ ပုဒ်မခွဲ (ဂ) နှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ(ခ)တို့ပါ ပြဌာန်းချက်များအရ ခန့်အပ်ရန် သဘောတူကြောင်း ကြေညာခြင်း၊ သို့မဟုတ် ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက ကန့်ကွက်ကြောင်း အဆိုတင်သွင်းခြင်း အစီအစဉ်ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ် အနေဖြင့် ပြည်ထောင်စုလွှတ်တော် နည်းဥပဒေ ပုဒ်မ ၃၀ အရ ကန့်ကွက်ကြောင်း အဆိုကို ပြည်ထောင်စုလွှတ်တော် နာယကထံ တင်သွင်းရမည်ဖြစ်ပြီး ယင်းအဆိုနှင့်အတူ မိမိကန့်ကွက်လိုသည့် ပုဂ္ဂိုလ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ သတ်မှတ်ထားသည့် အရည်အချင်းများနှင့် မပြည့်စုံကြောင်း ခိုင်လုံသည့် သက်သေအထောက်အထားများကို ပူးတွဲတင်ပြရမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ပြောကြားခဲ့သည်။

ဆောက်လုပ်ရေး ဝန်ကြီးအဖြစ် ဦးဟန်ဇော်အား ခန့်အပ်မည့်ကိစ္စအား ကန့်ကွက်လိုသည့် ကိုယ်စားလှယ်များ အနေဖြင့် ဇန်နဝါရီလ ၁၈ ရက်နေ့ နောက်ဆုံးထားကာ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ပြောကြားခဲ့သည်။

ယခင်က ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးဝင်းခိုင်အား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးအောင်လှထွန်းအား ခန့်အပ်မှုကို ပြည်ထောင်စု လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။

Most Read

Most Recent