ပရီးမီးယားလိဂ်တွင် ကစားလိုကြောင်း ရီးယဲလ်မက်ဒရစ်နောက်ခံလူ ကာဗာဟယ်လ်ဝန်ခံ

ပရီးမီးယားလိဂ်တွင် ကစားလိုကြောင်း ရီးယဲလ်မက်ဒရစ်နောက်ခံလူ ကာဗာဟယ်လ်ဝန်ခံ
Published 9 October 2018

 

ရီးယဲလ်မက်ဒရစ်အသင်း၏ စပိန်ညာနောက်ခံလူ ကာဗာဟယ်လ်က ကစားသမားဘဝမှ အနားမယူမီ ပရီးမီးယားလိဂ်တွင် ကစားလိုကြောင်း ဝန်ခံပြောကြားခဲ့သည်။

အသက် (၂၆) နှစ်အရွယ်ရှိ ကာဗာဟယ်လ်သည် ရီးယဲလ်မက်ဒရစ်အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး အသင်းနှင့်အတူ ဆုဖလားပေါင်း (၁၄)လုံးအထိ ရယူထားနိုင်သူဖြစ်သည်။

Libero မဂ္ဂဇင်းက စပိန်မှ ထွက်ခွာပြီး ပြည်ပတွင် ကစားလိုသလားဟု မေးမြန်းမှုက ကာဗာဟယ်လ်က '' အဲဒီအကြောင်းကို ကျွန်တော်တွေးနေပါတယ်။ ကျွန်တော်ပရီးမီးယားလိဂ်မှာ ကစားချင်ပါတယ်။ ကျွန်တော့်အနေနဲ့ ပရီးမီးယားလိဂ်မှာ ကစားပြီး အတွေ့အကြုံသစ်တွေ လိုချင်သလို တစ်ဖက်က ပြန်တွေးပြန်ရင်လည်း ရီးယဲလ်အသင်းမှာ ကစားသမားဘဝ ကုန်ဆုံးတာက တကယ်ကို ကောင်းမွန်ပါလိမ့်မယ်။ ကာတာတို့ တရုတ်တို့ကို သွားကစားတယ်ဆိုတာက မလိမ်မညာဝန်ခံရရင် ပိုက်ဆံကြောင့်သွားကြတာပါ။ ကျွန်တော်ကတော့ ပရီးမီးယားလိဂ်မှာပဲ ကစားချင်ပါတယ်။ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ မသိနိုင်လို့ စောင့်ကြည့်ရမှာပါ '' ဟုပြောကြားခဲ့သည်။

ကာဗာဟယ်လ်သည် ရီးယဲလ်မက်ဒရစ်အသင်းကြီးအတွက် မကစားမီ ၂၀၁၂-၁၃ ရာသီက ဂျာမန်ကလပ် လေဗာကူဆင်အသင်းတွင် အငှားဖြင့်သွားရောက်ကစားဖူးကြောင်း သိရသည်။

ကာဗာဟယ်လ်၏ ရီးယဲလ်အသင်းနှင့် လက်ရှိစာချုပ်မှာ ၂၀၂၂ ခုနှစ်အထိရှိနေပြီး ယခုရာသီတွင် လာလီဂါ (၅)ပွဲနှင့် ချန်ပီယံလိဂ်ပွဲစဉ် (၂)ပွဲ ပါဝင်ကစားထားကြောင်းသိရသည်။

၄င်းသည် လက်ရှိတွင် ခြေသလုံးဒဏ်ရာရရှိနေပြီး အောက်တိုဘာလ (၂၀) ရက်နေ့တွင်ကစားမည့် လီဗန်တေးနှင့် လာလီဂါပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေကြောင်းလည်းသိရသည်။

Most Read

Most Recent