စပါး ကွာတားတက်ပြီး ရှုံးထွက် (၁၆) သင်းအဆင့်က လှည့်ပြန်ခဲ့ရတဲ့ လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်

စပါး ကွာတားတက်ပြီး ရှုံးထွက် (၁၆) သင်းအဆင့်က လှည့်ပြန်ခဲ့ရတဲ့ လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်
Photos: AFP
Photos: AFP
Published 6 March 2019

ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ဒုတိယအကျော့ ပထမအသုတ် ပထမနေ့ ပွဲစဉ်တွေမှာတော့ စပါးနဲ့ အေဂျက်စ်တို့ဟာ ဒေါ့မွန်နဲ့ ရီးယဲလ်မက်ဒရစ်တို့ကို ကျော်ဖြတ်ပြီး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ပထမအကျော့က စပါးကွင်းမှာ (၃) ဂိုးပြတ်ရှုံးနိမ့်ထားတဲ့ ဒေါ့မွန်ဟာ ဒီနေ့ပွဲမှာတော့ အယ်လ်ကာဆာ၊ မာကိုရွိုက်စ်၊ ဆန်ချို၊ ဂေါ့ဇီတို့ကို ပွဲထုတ်ခဲ့ပြီး စပါးအသင်းကတော့ တိုက်စစ်မှာ ဟာရီကိန်းနဲ့ ဆွန်ဟောင်မင်ကို တွဲပေးကာ (၅-၃-၂) ပုံစံနဲ့ ကစားခဲ့ပါတယ်။

ဒေါ့မွန်အသင်းဟာ အိမ်ကွင်းအားနဲ့ ပွဲစကတည်းက စပါးအသင်းကို ဖိကစားခဲ့ပါတယ်။ ဒါပေမဲ့ စပါးအသင်းဟာ နောက်တန်းမှာ (၅) ယောက်အထိ ထားကစားခဲ့သလိုနောက်တန်းကစားသမားတွေ အစွမ်းပြခဲ့လို့လည်း ဒေါ့မွန်တို့ အခက်တွေ့ခဲ့ရပါတယ်။

ဒေါ့မွန်ဟာ ပထမပိုင်းမှာ စပါးအသင်းထက် ပိုကောင်းခဲ့သလို၊ အခွင့်အရေးတွေလည်း ပိုရခဲ့ပေမယ့် စပါးနောက်တန်းကို ကျော်ဖြတ်နိုင်ခြင်းမရှိတာကြောင့် လိုအပ်တဲ့ဂိုးတွေ မရဘဲ ဂိုးမရှိသရေဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းပြန်အစမှာတော့ ဒေါ့မွန်အသင်း ကစားကွက်တည်မရသေးခင်မှာပဲ စပါးအသင်း ဦးဆောင်ဂိုး ရသွားခဲ့ပါတယ်။ ကွင်းလယ်ကနေ ဆစ်ဆိုကို မျှောထိုးပေးတာကို ဟာရီကိန်းက ဆွဲပြေးပြီး အပြင်းကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

ဒီဂိုးဟာ ဟာရီကိန်းအတွက် ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက် ကစားခဲ့တဲ့ (၄) ပွဲမှာ (၃) ဂိုးမြောက် သွင်းဂိုးလည်း ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာ ဒေါ့မွန်တို့ ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် စပါးအသင်းရဲ့ နောက်တန်းနဲ့ ဂိုးသမား လိုရစ်တို့ကို မကျော်နိုင်တာကြောင့် (၀-၁) ဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။

စပါးအသင်းကတော့ ဒေါ့မွန်အသင်းနဲ့တွေ့တိုင်း ရာနှုန်းပြည့်နိုင်ပွဲရတဲ့ စံချိန် (၄ ပွဲကစား ၄ ပွဲနိုင်) ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီး နှစ်ကျော့ပေါင်း (၄-၀)ဂိုးနဲ့ အနိုင်ရကာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ဖလားကို (၃) နှစ်ဆက် ရရှိထားတဲ့ ရီးယဲလ်မက်ဒရစ်ကတော့ အိမ်ကွင်းမှာ အေဂျက်စ်အသင်းကို ရှက်ဖွယ်ရှုံးနိမ့်ပြီး ရှုံးထွက် (၁၆) သင်းအဆင့်ကနေပဲ လက်ပြနှုတ်ဆက်ခဲ့ရပါတယ်။

ပထမအကျော့ပွဲစဉ်မှာ တမင်တကာအဝါကတ်ရယူခဲ့တဲ့ ရာမို့စ်ကတော့ ဒီပွဲကို လွဲခဲ့ပြီး ရီးယဲလ်ရဲ့ ပွဲထွက်စာရင်းမှာ ဘန်ဇီမာ၊ ဗင်နီစီယပ်စ်၊ ဗက်ဇ်ကေး၊ မိုဒရစ်၊ ကရို့စ်တို့နဲ့ လူစုံခဲ့ပါတယ်။

အေဂျက်စ်ကတော့ တာဒစ်ကို အထောင်ထားပြီး ဇီယက်ရှ်၊ ဒီယွန်းတို့နဲ့ ရီးယဲလ်အသင်းကို ပြန်လည်ရင်ဆိုင်ခဲ့တာပါ။

ဒီနေ့ပွဲမှာ အေဂျက်စ်ရဲ့ စွမ်းဆောင်ရည်က ချီးကျူးစရာဖြစ်ပြီး ပွဲအစ (၇) မိနစ်မှာ တာဒစ်ရဲ့ ပေးပို့မှုကနေ ဇီယက်ရှ်က အေဂျက်စ်အတွက် အဖွင့်ဂိုးသွင်းခဲ့ပါတယ်။ 

အဲဒီနောက်မှာလည်း အေဂျက်စ်တို့ တိုက်စစ်ဖွင့်ကစားခဲ့ပြီး ပွဲချိန် (၁၈) မိနစ်မှာတော့ တာဒစ်က ရီးယဲလ်ကစားသမားတွေကို လှလှပပကျော်ဖြတ်ပြီး ဖန်တီးပေးတာကို နီရက်စ်က အေဂျက်စ်အတွက် ဒုတိယဂိုး သွင်းယူခဲ့ပါတယ်။

ရီးယဲလ်အသင်းအနေနဲ့ ဘာနေဗျူးမှာ ကစားတဲ့ ချန်ပီယံလိဂ်ပွဲတွေမှာ ပထမဆုံးအကြိမ် ပွဲချိန် (၁၈) မိနစ်အတွင်း (၂) ဂိုးပေးလိုက်ရတာလည်း ဖြစ်ပါတယ်။

(၂) ဂိုးပေးလိုက်ရပြီးနောက်မှာ ရီးယဲလ်တို့ ချေပဂိုးရဖို့ တင်ကစားခဲ့ပေမယ့် ဗက်ဇ်ကေးနဲ့ ဗင်နီစီယပ်စ်တို့ ဒဏ်ရာရခဲ့တာကြောင့် ဘေးလ်၊ အဆန်စီယိုတို့နဲ့ စောစောစီးစီးပဲ လူစားလဲခဲ့ပါတယ်။

ပထမပိုင်းမှာ (၂) ဂိုးပြတ်ရှုံးနေတဲ့ ရီးယဲလ်အသင်းဟာ ချေပဂိုးတွေ တင်ကစားလာခဲ့ပေမယ့် အေဂျက်စ်ကလည်း အလွတ်မပေးဘဲ ပြန်လည်ဖိအားပေးခဲ့ပါတယ်။ အထူးသဖြင့် ရာမို့စ် မပါဝင်တဲ့ ရီးယဲလ်နောက်တန်းဟာ အမှားများခဲ့ပြီး ပွဲချိန် (၆၂) မိနစ်မှာ အေဂျက်စ်အသင်းကို တတိယဂိုးပေးလိုက်ရပြန်ပါတယ်။

ဒီဂိုးကိုတော့ ပထမ(၂)ဂိုးကို ဖန်တီးပေးထားတဲ့ တာဒစ်က သွင်းယူခဲ့တာပါ။ ရီးယဲလ်ကတော့ အားမလျော့ဘဲ တိုက်စစ်ဆင်ကစားခဲ့ပေမယ့် ကွင်းလယ်ပိုင်းက ဖန်တီးမှုအားနည်းသလို၊ တိုက်စစ်ကလည်း ဘန်ဇီမာ၊ ဘေးလ်တို့ ညံ့နေလို့ ဂိုးရဖို့ ခက်ခဲပါတယ်။

ရီးယဲလ်အသင်းအတွက် ချေပဂိုးကိုတော့ ပွဲချိန် မိနစ် (၇၀) မှာ ရယ်ဂီလွန်ရဲ့ ပေးပို့မှုကနေ အဆန်စီယိုက သွင်းယူခဲ့ပြီး နောက် (၂) မိနစ်အကြာဖြစ်တဲ့ ပွဲချိန် (၇၂) မိနစ်မှာပဲ လက်ဆာရှူးနားက ဖရီးကစ်ကနေ တိုက်ရိုက်ကန်သွင်းယူခဲ့လို့ ပွဲအပြီးမှာ အေဂျက်စ်တို့ (၄-၁) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဒါကြောင့် အေဂျက်စ်ဟာ လက်ရှိချန်ပီယံ ရီးယဲလ်အသင်းကို နှစ်ကျော့ပေါင်း (၅-၃) ဂိုးနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

■ ယနေ့ကစားသည့် ပွဲစဉ်များရလဒ်

ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ဒုတိယအကျော့

ဒေါ့မွန် ၀-၁ စပါး

(နှစ်ကျော့ပေါင်း ၄-၀ ဂိုးဖြင့် စပါးနိုင်)

ရီးယဲလ်မက်ဒရစ် ၁-၄ အေဂျက်စ်

(နှစ်ကျော့ပေါင်း ၅-၃ ဂိုးဖြင့် အေဂျက်စ်နိုင်)

လီဂူး

ဘော်ဒိုး ၁-၂ မောင့်ပယ်လီယာ

လိဂ်ချန်ပီယံရှစ်

ဒါဘီ ၂-၁ ဝီဂန်

Most Read

Most Recent