ချယ်လ်ဆီး ၀-၂ မန်ယူ
လက်ရှိချန်ပီယံချယ်လ်ဆီးကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ မန်ယူ
FA ဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ချယ်လ်ဆီးအသင်း အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပြီး ပြိုင်ပွဲက ထွက်ခွာသွားခဲ့ရပါတယ်။
ချယ်လ်ဆီးအသင်းက ဟီဂွါအင်၊ ဟာဇက်၊ ပတ်ဒရိုတို့နဲ့ နိုင်ပွဲရရှိဖို့ ပြင်ဆင်ခဲ့ပြီး ဒုတိယပိုင်းမှာ တောက်လျှောက်ဖိကစားနိုင်ခဲ့ပေမယ့် မန်ယူခံစစ်ကြောင်းကို ထိုးဖောက်နိုင်ခြင်း မရှိခဲ့တာကြောင့် နှစ်သိမ့်ဂိုးတောင်မရဘဲ အရှုံးပေးခဲ့ရတာပါ။
မန်ယူအသင်းကတော့ လူကာကူ၊ ရပ်ရှ်ဖို့ဒ်၊ မာတာတို့ရဲ့ တိုက်စစ်စုဖွဲ့မှုနဲ့ ချယ်လ်ဆီးအသင်းကို ထိုးဖောက်ကစားခဲ့ပါတယ်။
လူကာကူနဲ့ ရပ်ရှ်ဖို့ဒ်တို့ရဲ့ ပုံစံမတူတဲ့ ထိုးဖောက်မှုတွေက ချယ်လ်ဆီးအသင်းကို ဖိအားပေးနိုင်ခဲ့ပေမယ့် အဓိကကျခဲ့တာ ကတော့ ကွင်းလယ်ကစားသမား ပေါ့ဘာပါပဲ။
နည်းပြသစ် ဆိုးလ်ရှားလက်ထက်မှာ လုပ်သလိုဖြစ်နေတဲ့ ပေါ့ဘာက ဒီပွဲမှာလည်း ခြေစွမ်းပြသွားနိုင်ခဲ့ပြီး ကိုယ်တိုင်တစ်ဂိုးသွင်းကာ တစ်ဂိုး ဖန်တီးပေးခဲ့ပါတယ်။
ပွဲစတာနဲ့ မန်ယူအသင်းက ကစားကွက် အသာစီးယူကစားနိုင်ခဲ့ပြီး ချယ်လ်ဆီးအသင်းအနေနဲ့ မန်ယူအသင်းရဲ့ကစားကွက်အောက်က ရုန်းထွက်နိုင်ခြင်းမရှိခဲ့ပါဘူး။
(၃၁)မိနစ်မှာ ပေါ့ဘာရဲ့ ပေးပို့မှုကနေ ဟာရဲရားက အဖွင့်ဂိုးကို ခေါင်းတိုက်သွင်းယူခဲ့ပြီး ပထမပိုင်းပြီးခါနီးမှာ ပေါ့ဘာက ရပ်ရှ်ဖို့ဒ်ရဲ့ ပေးပို့မှုကနေ ဒုတိယဂိုး ထပ်သွင်းခဲ့ပါတယ်။
ပထမပိုင်းမှာ မန်ယူဂိုးသမား ရိုမဲရိုး ကာကွယ်ရတာ (၂)ကြိမ်လောက်သာ ရှိခဲ့ပါတယ်။
ဒါပေမဲ့ ဒုတိယပိုင်းမှာ ချယ်လ်ဆီးအသင်းက တစ်ဖက်သတ်နီးပါး တိုက်စစ်ဆင်ကစားလာနိုင်ခဲ့ပြီး ဝီလီယံ ဝင်လာတဲ့ တိုက်စစ်ပိုင်းကလည်း ပိုပြီးအသက်ဝင်လာပါတယ်။
ဒါကြောင့် မန်ယူအသင်း ခံစစ်မှာသာ ပိတ်ဆို့ကစားရသလို ဖြစ်ခဲ့ ပေမယ့် ချယ်လ်ဆီးအသင်းကို အခွင့်အရေးမပေးရအောင်တော့ ထိန်းချုပ်နိုင်ခဲ့ပါတယ်။
မန်ယူအသင်းက ပွဲရဲ့အနေအထားအ ပေါ် မူတည်ပြီး တိုက်စစ်၊ ခံစစ် နည်းဗျူဟာအပြောင်းအလဲတွေနဲ့ ဂိုးပြတ်နိုင်ပွဲကို ရယူသွားနိုင်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။