ဗြိတိန်လက်ဝှေ့သမား ဒန်နီယဲလ်ဒူဘွာ၏ ချန်ပီယံကာကွယ်ပွဲကို ဖေဖော်ဝါရီတွင်ကျင်းပမည်ဟု ပွဲစီစဉ်သူ ဖရန့်ဝါရန် အတည်ပြု

ဗြိတိန်လက်ဝှေ့သမား ဒန်နီယဲလ်ဒူဘွာ၏ ချန်ပီယံကာကွယ်ပွဲကို ဖေဖော်ဝါရီတွင်ကျင်းပမည်ဟု ပွဲစီစဉ်သူ ဖရန့်ဝါရန် အတည်ပြု
Photo: Sky Sports
Photo: Sky Sports
Published 26 October 2024

 

IBF ဟဲဗီးဝိတ်တန်းချန်ပီယံ ဗြိတိန်လက်ဝှေ့သမား ဒန်နီယဲလ်ဒူဘွာအနေဖြင့် ချန်ပီယံကာကွယ်ပွဲကို လာမည့်နှစ် ဖေဖော်ဝါရီတွင် ထိုးသတ်မည်ဖြစ်ကြောင်း ၎င်း၏ ပွဲစီစဉ်သူ ဖရန့်ဝါရန်က အတည်ပြုပြောကြားခဲ့သည်။

ဒူဘွာ (၂၇ နှစ်) သည် စက်တင်ဘာ ၂၁ ရက်က လန်ဒန်မြို့ရှိ ဝင်ဘလေကွင်း၌ ထိုးသတ်သည့် IBF ချန်ပီယံကာကွယ်ပွဲတွင် ဗြိတိန်တစ်နိုင်ငံတည်းသား အန်သိုနီဂျိုရှူအာ (၃၅ နှစ်) ကို အလဲထိုးအနိုင်ရထားသည်။ ၎င်းအနေဖြင့် ဒုတိယမြောက် ချန်ပီယံကာ ကွယ်ပွဲကို ဖေဖော်ဝါရီတွင် ထိုးသတ်မည်ဖြစ်ပြီး ဂျိုရှူအာနှင့် မကျေပွဲမထိုးဖြစ်ပါက အဆင့်သတ်မှတ်ချက် ထိပ်ဆုံးငါးဦးအနက် တစ်ဦးနှင့် ထိုးသတ်မည်ဖြစ်ကြောင်း ဖရန့်ဝါရန်က ပြောကြားခဲ့သည်။

"သူ (ဒူဘွာ) က ချန်ပီယံပါ။ သူက သူ့ရဲ့ စည်းကမ်းအတိုင်း လုပ်ပါလိမ့်မယ်။ ဒန်နီယဲလ်က ဖေဖော်ဝါရီမှာ ချန်ပီယံခါးပတ်ကို ကာကွယ်ရမှာပါ။ ဂျိုရှူအာမဟုတ်ဘူးဆိုရင် အဆင့်သတ်မှတ်ချက် ထိပ်ဆုံးငါးဦးထဲက တစ်ယောက်နဲ့ ရင်ဆိုင်ပါလိမ့်မယ်" ဟု ၎င်းင်းက ဗြိတိန်အခြေစိုက် Sky Sports သတင်းဌာနသို့ ပြောကြားခဲ့သည်။

ဂျိုရှူအာ၏ ပွဲစီစဉ်သူ အက်ဒီဟန်းကလည်း မိမိကစားသမားအနေဖြင့် ဒူဘွာနှင့် မကျေပွဲ သို့မဟုတ် ဗြိတိန်တစ်နိုင်ငံတည်းသား တိုင်ဆန်ဖျူရီနှင့်သာ ထိုးသတ်မည်ဖြစ်ကြောင်း BBC Sport သတင်းဌာနသို့ ပြောကြားခဲ့သည်။

"ကျွန်တော်တို့ နောက်လာမယ့်ပွဲကို ဒူဘွာ ဒါမှမဟုတ် ဖျူရီနဲ့ ထိုးဖြစ်မှာပါ။ ဒါပါပဲ။ တခြားသူတွေနဲ့ထိုးဖို့ စိတ်ဝင်စားတာ၊ ကြိုတင်ပြင်ဆင်တာမျိုး မရှိပါဘူး" ဟု အက်ဒီဟန်းက ဆိုသည်။