နိုဝင်ဘာ ၂၁ ရက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းများ ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်လက်ခံခြင်းကို နိုဝင်ဘာ ၁၄ ရက်မှစ၍ ပိတ်ရက်မရှိ လက်ခံပေးမည်

နိုဝင်ဘာ ၂၁ ရက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းများ ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်လက်ခံခြင်းကို နိုဝင်ဘာ ၁၄ ရက်မှစ၍ ပိတ်ရက်မရှိ လက်ခံပေးမည်
Published 14 November 2024

နိုဝင်ဘာ ၂၁ ရက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းများ ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်လက်ခံခြင်းကို နိုဝင်ဘာ ၁၄ ရက်မှစ၍ ပိတ်ရက်မရှိ လက်ခံပေးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားသည်။

နိုဝင်ဘာ ၁၂ ရက်က နေပြည်တော်ပညာရေးဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများ၊ ပါမောက္ခ(ဌာနမှူး)များနှင့် နိုဝင်ဘာ ၂၁ ရက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ပညာသင်နှစ် အသစ်စတင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ကြရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းများ၏ ပညာသင်နှစ်အတွက် နိုဝင်ဘာ ၁၄ ရက်တွင် ကျောင်းအပ်စတင်လက်ခံပေးသွားမည်ဖြစ်ကြောင်း၊ ကျောင်းသားသစ်၊ ကျောင်းသားဟောင်းများ ကျောင်းအပ်ရာတွင် အခက်အခဲမရှိအောင် အားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ကျောင်းအပ်လက်ခံရာတွင် ပိတ်ရက်မရှိ လက်ခံပေးသွားမည်ဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းများ စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်း၏ ပညာသင်နှစ်အသစ်စတင်တော့မည်ဖြစ်၍ စာသင်ဆောင်များ၊ ကျောင်းသား ကျောင်းသူအိပ်ဆောင်များ၏ ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေးကို အလေးထားဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်များတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲနှင့်ပတ်သက်သော ဥပဒေဘာသာရပ်များကို တစ်လလျှင် အနည်းဆုံးနှစ်ကြိမ် သင်ကြားပေးကြရမည်ဖြစ်ကြောင်း၊ ဆရာဆရာမများအနေဖြင့် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ တာဝန်ကျရာနေရာများတွင် စေတနာအပြည့်ဖြင့် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က တက္ကသိုလ်များ၏ ပညာသင်နှစ်မတိုင်မီနှင့် ပညာသင်နှစ်အစတွင်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ သင်ရိုးညွှန်တမ်းအရည်အသွေးနှင့် သင်ကြားရေးဆိုင်ရာ အရည်အသွေးတိုးတက်ရေးနှင့် စပ်လျဉ်း၍ ပြောကြားပြီး ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်းက ပုဂ္ဂလိကကျောင်းများ အရည်သွေးတိုးတက်ကောင်းမွန်ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ ပြောကြားခဲ့သည်။

ဆက်လက်၍ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်တို့က ဦးစီးဌာနလုပ်ငန်းဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး သက်ဆိုင်ရာတက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများ၊ ပါမောက္ခ (ဌာနမှူး) များနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။