မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Published 14 November 2024

ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကို  နိုဝင်ဘာ ၁၃ ရက် ညနေပိုင်းတွင် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ဘုရားဖူးလာရဟန်းရှင်လူပြည်သူများကလည်း လာရောက်ကြည့်ရှုကြကြောင်း သိရသည်။

ဦးစွာ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့သည် အခမ်းအနားကျင်းပမည့်နေရာသို့ရောက်ရှိကြရာ တိုင်းရင်းသား၊ တိုင်းရင်းသူများက မီးကြာခွက်များကိုင်ဆောင်၍လည်းကောင်း၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက ဦးရွှေရိုး ဒေါ်မိုးအက၊ တိုင်းရင်းသားရိုးရာအကအလှများ၊ အိုးစည်ဒိုးပတ်များတီးမှုတ်၍ ကြိုဆိုကြကြောင်း သိရသည်။

ထို့နောက် နစက ဥက္ကဋ္ဌနှင့်ဇနီးတို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကြောင်း သိရသည်။

ထိုသို့ ဖဲကြိုးဖြတ်ဖွင့်လှစ်သည်နှင့်တစ်ပြိုင်နက် မီးပုံးပျံငယ် အလုံး ၅၀၀ ကိုလွှတ်တင်ခြင်း၊ မီးရှူးမီးပန်းများပစ်ဖောက်ခြင်းနှင့် မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် တေးသီချင်းဖြင့် ကပြဖျော်ဖြေခြင်းများကို ဆောင်ရွက်ကြရာ နစက ဥက္ကဋ္ဌနှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြကြောင်း သိရသည်။

ထို့နောက် နစက ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ မီးပုံးပျံငယ်များကို လွှတ်တင်ပူဇော်ကြကြောင်း သိရသည်။

ထို့နောက် နစက ဥက္ကဋ္ဌနှင့် ဇနီးတို့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ ရေချမ်းနှင့် ဆီမီးများကပ်လှူပူဇော်ပြီး ရင်ပြင်တော်ကြီးပေါ်၌ လှည့်လည်ဖူးမြော်ကြည်ညို၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူဆီမီးများကို အတူတကွ ထွန်းညှိပူဇော်ကြကြောင်း သိရသည်။

ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးဗုဒ္ဓဥယျာဉ်တော်အတွင်း၌ တန်ဆောင်တိုင်ပွဲတော်အခါသမယအဖြစ် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ရိုးရာယဉ်ကျေးမှု အစဉ်အလာများနှင့်အညီ ခမ်းနားထည်ဝါစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ ဝတ်အသင်းအဖွဲ့များမှ ဝတ်ရွတ်စဉ်များဖြင့် ပူဇော်ခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ပူဇော်ခြင်း၊ အလှညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံကြီးများ လွှတ်တင်ပူဇော်ခြင်း၊ ဒုတိယအကြိမ် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း LED မီးများဖြင့် အလှဆင်ပူဇော်ထားရှိခြင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ၏ ဒေသထွက်ကုန်၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်ခန်းများ၊ ဒေသထွက်မြန်မာ့ရိုးရာမုန့်ဆိုင်ခန်းများ ခင်းကျင်းပြသရောင်းချမှုနှင့်အတူ အနုပညာဦးစီးဌာနမှ ဇာတ်တော်ကြီးဖြင့်လည်းကောင်း၊ ဇာတ်မင်းသား ဖိုးချစ်အဖွဲ့က ဇာတ်သဘင်ဖျော်ဖြေမှုတို့ကိုလည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်သဖြင့် အများပြည်သူများအနေဖြင့် လာရောက်ဖူးမြော်ကြည်ညိုကြည့်ရှုနိုင်ကြောင်း သိရသည်။

Most Read

Most Recent