လူမှောင်ခိုသမားများက တောအုပ်အတွင်း စွန့်ပစ်ထားခဲ့သည့် နှစ်နှစ်အရွယ်မှ ခြောက်နှစ်အရွယ်အကြား ကလေးလေးဦးအပါအဝင် မြန်မာနိုင်ငံသား ကိုးဦးကို ထိုင်းအာဏာပိုင်များတွေ့ရှိ

လူမှောင်ခိုသမားများက တောအုပ်အတွင်း စွန့်ပစ်ထားခဲ့သည့် နှစ်နှစ်အရွယ်မှ ခြောက်နှစ်အရွယ်အကြား ကလေးလေးဦးအပါအဝင် မြန်မာနိုင်ငံသား ကိုးဦးကို ထိုင်းအာဏာပိုင်များတွေ့ရှိ
Published 8 November 2024

လူမှောင်ခိုသမားများက တောအုပ်အတွင်း စွန့်ပစ်ထားခဲ့သည့် နှစ်နှစ်အရွယ်မှ ခြောက်နှစ်အရွယ်အကြား ကလေးလေးဦးအပါအဝင် မြန်မာနိုင်ငံသား ကိုးဦးကို ထိုင်းအာဏာပိုင်များကတွေ့ရှိခဲ့ကြောင်း ထိုင်းအခြေစိုက် Khaosod သတင်းဌာနက ဖော်ပြသည်။

နိုဝင်ဘာ ၅ ရက်တွင် ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင် ရနောင်း-ချမ်ဖွန် တောအုပ်တွင် လူကုန်ကူးသူများက စွန့်ပစ်ထားခဲ့သည့် မြန်မာနိုင်ငံသားများကို ဒေသခံရွာသားများက တွေ့ရှိခဲ့ပြီး ထိုင်းအာဏာပိုင်များကို အကြောင်းကြားခဲ့သဖြင့် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ မြန်မာနိုင်ငံသားကိုးဦးတွင် အရွယ်ရောက်ပြီးသူ အမျိုးသားတစ်ဦး၊ အမျိုးသမီး လေးဦးနှင့်အတူ အသက် နှစ်နှစ်အရွယ်မှ ခြောက်နှစ်အရွယ်အကြားရှိ ကလေးငယ် လေးဦးလည်း ပါဝင်ကြောင်း၊ ၎င်းတို့ကို တောင်စောင်းတစ်ခုရှိ ဝါးပင်များအကြားတွင် ပုန်းအောင်းနေသည်ကို တွေ့ရှိရကြောင်း၊ နှစ်နှစ်အရွယ် ကလေးငယ်မှာ ဆာလောင်မှုကြောင့် ငိုကြွေးနေကြောင်း၊ အခြားကလေးငယ်များမှာလည်း မောပန်းနေကြောင်း သတင်းတွင် ဖော်ပြထားချက်အရ သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများမှာ ထားဝယ်မြို့မှ ထွက်ခွာလာခြင်းဖြစ်ကြောင်း၊ ယာယီနယ်စပ်ဖြတ်သန်းခွင့်ကို အသုံးပြုကာ ထိုင်းနိုင်ငံ ခိုဆောင်းခရိုင်ကို ဖြတ်သန်းလာခဲ့ကြောင်း၊ ၎င်းတို့မှာ ရနောင်းငါးဆိပ်ကမ်းသို့ လှေဖြင့် ရောက်ရှိလာခဲ့ပြီး လူမှောင်ခိုသမားများက ၎င်းတို့ကို ကားများဖြင့် ခေါ်ယူခဲ့ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

၎င်းတို့မှာ မလေးရှားနိုင်ငံရှိ ဆွေမျိုးများထံ သွားရောက်ရန် စီစဉ်ထားကြောင်း၊ ခရီးစဉ်ပြီးဆုံးမှ လူမှောင်ခိုသမားများကို စရိတ်ပေးချေမည်ဟု ကနဦးသိရှိရကြောင်း၊ လူမှောင်ခိုသမားများက မည်သည့်အတွက်ကြောင့် စွန့်ပစ်ခဲ့သည်ကို မသိရှိရသေးသော်လည်း စစ်ဆေးရေးဂိတ်များကို တိုးမြှင့်ချထားလိုက်ရာ ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် စွန့်ပစ်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ထိုင်းအာဏာပိုင်များက သုံးသပ်ထားကြောင်း သတင်းတွင် ဖော်ပြသည်။

ဖြစ်စဉ်မှ အရွယ်ရောက်ပြီးသူ ငါးဦးကို တရားမဝင် ဝင်ရောက်မှုနှင့် ပတ်သက်ပြီး အရေးယူရန် ကာပိုးရဲစခန်းသို့ လွှဲပြောင်းထားကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားချက်အရ သိရသည်။