စီးပွားရေးတိုးတက်မှုတွင် နည်းပညာ တီထွင်ကြံဆမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့ကို ပေါင်းစပ်ထည့်သွင်း စဉ်းစားစေရန် ဆောင်ရွက်ခဲ့မှုအတွက် အမေရိကန်စီးပွားရေးပညာရှင် နော့ဟတ်စ်နှင့် ပေါရိုမာတို့သည် ၂၀၁၈ ခုနှစ်အတွက် ဘောဂဗေဒနိုဘယ်ဆုကို ပူးတွဲရရှိသွားခဲ့ကြောင်း ဂျူရီအဖွဲ့က အောက်တိုဘာ ၈ ရက်တွင် ကြေညာခဲ့သည်။
ယေးလ်တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သူ နော့ဟတ်စ်၊ ၇၇ နှစ်သည် မက်ခရိုစီးပွားရေး လေ့လာသုံးသပ်မှုတွင် ရာသီဥတု ပြောင်းလဲမှုကို ထည့်သွင်းစဉ်းစားရန် ဆောင်ရွက်ပေးခဲ့မှုအတွက် ဂုဏ်ပြုခံခဲ့ရခြင်းဖြစ်သည်။ ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့ထုတ်လွှတ်မှုကြောင့် ဖြစ်လာသော ပြဿနာများကို အထိရောက်ဆုံး ကုစားမှုသည် ကမ္ဘာနှင့်ချီ၍ ကျယ်ပြန့်သော ကာဗွန်အခွန် ပြဋ္ဌာန်းမှုဖြစ်ကြောင်း နော့ဟတ်စ်က ဖော်ထုတ်ပြသခဲ့သည်။
အသက် ၆၂ နှစ်အရွယ် ရိုမာသည် နယူးယောက်တက္ကသိုလ်၏ Stern စီးပွားရေးကျောင်းတွင် စာသင်ကြားပေးနေသူဖြစ်ပြီး ယခင်က ကမ္ဘာ့ဘဏ်၏ စီးပွားရေးပညာရှင် အကြီးအကဲဖြစ်သည်။ မြို့များ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်မှုကို စီးပွားရေး အခွင့်အလမ်းများ ဖန်တီးရန်နှင့် စနစ်ကျသော လူမှုပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန် မူဝါဒချမှတ်သူများက ဆောင်ရွက်နိုင်ပုံများကို သုတေသနပြုသော Stern Urbanization Project ကို ရိုမာက တည်ထောင်ခဲ့သည်။
ကာလရှည် မက်ခရိုစီးပွားရေး လေ့လာသုံးသပ်မှုအတွက် နည်းပညာတီထွင် ဆန်းသစ်မှုများကို ပေါင်းစည်းရန် ဆောင်ရွက်ပေးခဲ့မှုအတွက် ရိုမာသည် ဘောဂဗေဒနိုဘယ်ဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။
အဆိုပါ စီးပွားရေးပညာရှင်နှစ်ဦးစလုံးသည် နိုဘယ်ဆုကို ရရှိရန်အတွက် မကြာသေးခင်နှစ်များအတွင်း ထင်ကြေးပေးခံထားခဲ့ရသည်။ ရေရှည်တည်တံ့သော စီးပွားရေးတိုးတက်မှုကို ဖန်တီးရန်အတွက် အခြေခံအကျဆုံးသော မေးခွန်းများကို ဖြေရှင်းရန်အတွက် နိုဘယ်ဆုရှင်နှစ်ဦး၏ ဆောင်ရွက်ချက်များက ကူညီပေးခဲ့ကြောင်း ဆွီဒင်တော်ဝင်သိပ္ပံအကယ်ဒမီက ထုတ်ပြန်ခဲ့သည်။
သဘာဝနှင့် ဆင်ခြင်ဉာဏ်ရှိမှုတို့က စျေးကွက်စီးပွားရေးအား တုံ့ပြန်မှုကို ရှင်းပြရန် စီးပွားရေး လေ့လာသုံးသပ်မှုကို ထိုပညာရှင်နှစ်ဦးကျ ချဲ့ထွင်ပေးခဲ့ကြောင်း နိုဘယ်အကယ်ဒမီ၏ ကြေညာချက်ကဆိုသည်။
လူသားများ ပိုမိုကျန်းမာရန်နှင့် ပိုမိုပျော်ရွှင်ရန်အတွက် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် လွှမ်းမိုးမှုများကို ရှင်းလင်းဖော်ပြသော သီအိုရီကို ထုတ်ဖော်မှုအတွက် အမေရိကန်စီးပွားရေးပညာရှင် ရီချက်ထာလာသည် ယမန်နှစ်က ဘောဂဗေဒနိုဘယ်ဆုကို ရရှိခဲ့သည်။
ဘောဂဗေဒနိုဘယ်ဆုသည် အခြားသော နိုဘယ်ဆုများနှင့်မတူဘဲ ၁၉၆၉ ခုနှစ်ကမှ စတင်ချီးမြှင့်ခဲ့သောဆုဖြစ်သည်။ ဆွီဒင် တီထွင်သူ အဲဖရက်နိုဘယ်၏ သေတမ်းစာအရ နိုဘယ်ဆုများကို ၁၉၀၁ ခုနှစ်တွင် စတင်ပေးအပ်ခဲ့သည်။ ဆွီဒင်ဗဟိုဘဏ်က ၎င်း၏ နှစ် ၃၀၀ ပြည့် တည်ထောင်မှု အထိမ်းအမှတ်ဖြစ်သည့် ၁၉၆၈ ခုနှစ်တွင် ဘောဂဗေဒနိုဘယ်ဆုကို ဖန်တီးခဲ့ခြင်းဖြစ်သည်။
ဒေါ်လာ ၁.၀၁ သန်း ချီးမြှင့်သော နိုဘယ်ဆုများတွင် ဂုဏ်ထူးဆောင်လက်မှတ်နှင့် ရွှေတံဆိပ်တို့လည်း ပါဝင်ပြီး ဒီဇင်ဘာ ၁၀ ရက်တွင် စတော့ဟုမ်းမြို့၌ အခမ်းအနားဖြင့် ဆုချီးမြှင့်မည်ဖြစ်သည်။ ၂၀၁၈ ခုနှစ်အတွက် နိုဘယ်ဆုများကို ဘောဂဗေဒနိုဘယ်ဆုဖြင့် ပိတ်သိမ်းလိုက်ပြီဖြစ်ပြီး ယခုနှစ်တွင် ထူးထူးခြားခြားအဖြစ် စာပေနိုဘယ်ဆုကို ချီးမြှင့်ခဲ့ခြင်းမရှိပေ။
#MeToo လှုပ်ရှားမှု တစ်စိတ်တစ်ပိုင်းအဖြစ် ပေါ်ထွက်လာခဲ့သော မုဒိမ်းမှု အရှုပ်တော်ပုံကြောင့် စာပေနိုဘယ်ဆုကို နှစ် ၇၀ အတွင်း ပထမဆုံးအကြိမ် ရွှေ့ဆိုင်းခဲ့ရသည်။















