အမေရိကန်က ဖမ်းဆီးလိုက်သည့် အီရန်သင်္ဘောပေါ်မှ သင်္ဘောသား ၂၂ ဦးကို ပါကစ္စတန်သို့ လွှဲပြောင်းပို့ဆောင်ထားကြောင်းနှင့် ၎င်းတို့ကို အီရန်သို့ ပြန်လည်လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၄ ရက်တွင် X လူမှုကွန်ရက်မှ အတည်ပြုထုတ်ပြန်ခဲ့သည်။ နှစ်နိုင်ငံအကြား ယုံကြည်မှုတည်ဆောက်ရေး အစီအစဉ်တစ်ရပ်အနေဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။
ပြီးခဲ့သည့်လက အမေရိကန်ရေတပ်၏ ပိတ်ဆို့မှုကို ချိုးဖောက်ရန် ကြိုးပမ်းစဉ် အီရန်ကုန်တင်သင်္ဘော MV Touska ကို ကြားဖြတ်ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ အီရန်နိုင်ငံပိုင် မီဒီယာများ၏ အဆိုအရ သင်္ဘောသားများ၏ မိသားစုဝင်များဖြစ်သည့် အခြားလူခြောက်ဦးကိုလည်း ဒေသတွင်းအခြားနိုင်ငံတစ်ခုသို့ ပို့ဆောင်ထားပြီးဖြစ်သည်။
အမေရိကန်၏ ပိတ်ဆို့အရေးယူမှုခံထားရသည့် အီရန်သင်္ဘောလိုင်း IRISL အပိုင် Touska သင်္ဘောကို ပြီးခဲ့သည့်လက အိုမန်ပင်လယ်ကွေ့ရှိ အီရန်နိုင်ငံ ချာဘဟာဆိပ်ကမ်းအနီးတွင် အမေရိကန်က စီးနင်းဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
အဆိုပါသင်္ဘောသည် ခြောက်နာရီကြာအောင် အကြိမ်ကြိမ် သတိပေးချက်များကို မလိုက်နာဘဲ ပိတ်ဆို့မှုကို ချိုးဖောက်ခဲ့ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ်က ထုတ်ပြန်သည်။ အီရန်ဘက်ကမူ နိုင်ငံတကာဥပဒေကို ချိုးဖောက်သည့် တရားမဝင်လုပ်ရပ်ဟု ရှုတ်ချခဲ့ပြီး သင်္ဘောရော၊ သင်္ဘောသားများပါ ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။
"အီရန်သင်္ဘောကို လိုအပ်တဲ့ပြုပြင်မှုတွေ လုပ်ပြီးရင် မူလပိုင်ရှင်တွေဆီ ပြန်လွှဲပေးဖို့ ပါကစ္စတန်ရေပိုင်နက်ထဲ ခေါ်ဆောင်လာမယ်" ဟု ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အန်ဒရာဘီက ပြောကြားခဲ့ပြီး သင်္ဘောသားများ နေရပ်ပြန်ရေးအတွက် အမေရိကန်၊ အီရန်တို့နှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ဆိုသည်။
ထို့ပြင် ပါကစ္စတန်က ဒေသတွင်းငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ဆက်လက်ညှိနှိုင်းပေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
Ref: Geo TV
Photo: Reuters















