တပ်မတော်အနေဖြင့် နိုင်ငံတော်အား လုံခြုံရေးအရ တည်ငြိမ်အေးချမ်းရေး၊ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများတွင် ပါဝင် ပူးပေါင်းဆောင်ရွက်ပေးနေပြီး နိုင်ငံတော်အား ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် စနစ်တကျဖြစ်စေရန် အတွက်လည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲပိုင်းတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တနိုင်းတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တပ်နယ်ခန်းမ၌ တွေ့ဆုံ အမှာစကားပြောကြားရာတွင် ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
တပ်မတော်အနေဖြင့် လွတ်လပ်ရေး ရရှိပြီးအချိန်မှစ၍ ခေတ်အဆက်ဆက် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကဏ္ဍများကို ဆောင်ရွက်ပေးခဲ့ပြီး ထိုသို့ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ချိန်တွင် ပြည်ပနိုင်ငံများမှ ပိတ်ဆို့မှုအမျိုးမျိုး ရှိခဲ့သဖြင့် အခက်အခဲများ ရင်ဆိုင် ကြုံတွေ့ခဲ့ ရကြောင်းလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ထို့ပြင် တပ်မတော်သည် နိုင်ငံတော်၏ ကာကွယ်ရေးကဏ္ဍအတွက် အရေးပါသည့် အဖွဲ့အစည်းတစ်ခုဖြစ်သဖြင့် တပ်မတော်သားများ အနေဖြင့် စည်းကမ်းလိုက်နာမှု၊ အမိန့်နာခံတတ်မှု၊ အထက်အောက် အပြန်အလှန်ရို သေလေးစားမှုများနှင့် စစ်သားကောင်းစိတ် မွေးမြူပြီး စည်းစည်းလုံးလုံးဖြင့် နေထိုင်ကြရန် လိုကြောင်း၊ တည်မြဲအမိန့်နှင့် တိုက်တွန်းချက်၊ တားမြစ်ချက်များအား လိုက်နာဆောင်ရွက်ပြီး တပ်မတော်သားများ ကျင့်သုံးရမည့် ကျင့်ဝတ် ၆၀ ပါအချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် လိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ဒေသခံပြည်သူများ သဘာဝဘေးအန္တရာယ်များ ကျရောက်ပါကလည်း တပ်မတော်သားများအနေဖြင့် အထက်အမိန့်အား စောင့်ရန်မလိုဘဲ အချိန်မရွေး ကူညီဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားခဲ့သည်။
တပ်မတော်၏ စွမ်းရည်မြှင့်တင်ရေးအတွက် တပ်မတော်သားအားလုံး၏ ပညာရည်မြှင့်တင်ရေးကို ဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ တပ်မတော်သား မိသားစုဝင် ရဲမေများ၊ သားသမီးများ၏ ပညာရည်မြင့်မားရေးကိုလည်း တတ်နိုင်သည့်ဘက်မှ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အတူ အသိပညာဗဟုသုတများ ရရှိစေရန်အတွက်လည်း သုတ၊ ရသ စာအုပ်စာစောင်များကို အမြဲမပြတ် ဖတ်ရှုလေ့လာနေရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းခဲ့သည်။