PSG အသင်းကွင်းလယ်လူ ရာဘီယူအားခေါ်ယူရန် ချယ်လ်ဆီးအသင်း စီစဉ်နေ

PSG အသင်းကွင်းလယ်လူ ရာဘီယူအားခေါ်ယူရန် ချယ်လ်ဆီးအသင်း စီစဉ်နေ
Photo: Getty Images
Photo: Getty Images
Published 12 January 2019

ချယ်လ်ဆီးအသင်းသည် PSG အသင်းကွင်းလယ်လူ ရာဘီယူအား ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူရန် စီစဉ်နေကြောင်း ပြင်သစ်သတင်းစာ L'Equipe က ဖော်ပြခဲ့သည်။

ယခုရာသီကုန်တွင် PSG အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် အသက် (၂၃)နှစ်အရွယ်ရှိ ပြင်သစ်ကွင်းလယ်လူ ရာဘီယူကို ခေါ်ယူရန် ဥရောပထိပ်တန်းအသင်းကြီးများက စိတ်ဝင်စားနေကြသည်။

ရာဘီယူအား ယခုရာသီကုန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် စပိန်ထိပ်သီး ဘာစီလိုနာအသင်းက သဘောတူညီမှုရရှိခဲ့ပြီဟု မီဒီယာများက ဖော်ပြနေကြသော်လည်း ချယ်လ်ဆီးအသင်းက ယခုဇန်နဝါရီတွင် ကြားဖြတ်ခေါ်ယူရန် စီစဉ်လာခြင်းဖြစ်သည်။

အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် ငြင်းပယ်မှုကြောင့် နည်းပြ တူဟယ်လ်က ရာဘီယူကို ပထမအသင်းနှင့် လေ့ကျင့်ခန်းမပြုလုပ်ရန် တားဆီးခဲ့ပြီးနောက် ၎င်းကို ယခုဇန်နဝါရီတွင် ရောင်းချရန် PSG အသင်းက စဉ်းစားနေကြောင်း ပြင်သစ်မီဒီယာများက ဖော်ပြခဲ့ကြသည်။

L'Equipe ၏ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းသည် မိုနာကိုအသင်းသို့ ထွက်ခွာသွားသည့် စပိန်ကွင်းလယ်လူ ဖာဘရီဂက်စ်၏နေရာတွင် ရာဘီယူနှင့် အစားထိုးရန် စုံးစမ်းမှုများပြုလုပ်နေကြောင်း သိရသည်။

ရာဘီယူသည် PSG အသင်းအတွက် (၇)ရာသီအတွင်း ပြိုင်ပွဲစုံ (၂၂၇)ပွဲတွင် (၂၄)ဂိုး သွင်းယူထားသည်။