၂၀၂၅ ခုနှစ်မှသာ ပြန်လည်ထိုးသတ်မည်ဟု နာမည်ကြီးအိုင်ယာလန် MMA ကစားသမား ကော်နာမက်ဂရီဂေါ် အတည်ပြုပြောကြား

၂၀၂၅ ခုနှစ်မှသာ ပြန်လည်ထိုးသတ်မည်ဟု နာမည်ကြီးအိုင်ယာလန် MMA ကစားသမား ကော်နာမက်ဂရီဂေါ် အတည်ပြုပြောကြား
Photo: Britannica
Photo: Britannica
Published 25 September 2024

 

နာမည်ကြီးအိုင်ယာလန် MMA ကစားသမား ကော်နာမက်ဂရီဂေါ်က ၂၀၂၅ ခုနှစ်မှသာ ပြန်လည်ထိုးသတ်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

မက်ဂရီဂေါ် (၃၆ နှစ်)သည် ၂၀၂၁ ခုနှစ် ဇူလိုင်နောက်ပိုင်းကတည်းက ပွဲဝေးနေခြင်းဖြစ်ပြီး ယခုနှစ် ဇွန်လ တွင် အမေရိကန်ကစားသမား မိုက်ကယ်ချန်ဒလာနှင့်ထိုးသတ်ရန် စီစဉ်ထားသော်လည်း လေ့ကျင့်မှုပြုလုပ်စဉ် ခြေချောင်းကျိုးဒဏ်ရာ ရရှိသွားသဖြင့် ပွဲဖျက်ခဲ့ရသည်။ 

စက်တင်ဘာ (၂၁)ရက်က အန်သိုနီဂျိုရှူအာနှင့် ဒန်နီယဲလ်ဒူဘွာတို့ထိုးသတ်သည့် လက်ဝှေ့ပွဲသို့ လာရောက်ကြည့်ရှုစဉ် ကော်နာမက်ဂရီဂေါ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

"၂၀၂၅ ခုနှစ်မှ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့။ ကျွန်တော့်ပြိုင်ဘက်ကို စီစဉ်ထားပြီးသားပါ။ ကျွန်တော့်အလုပ်က Gym သွားပြီးတော့ ပုံစံကောင်းရအောင်လုပ်ဖို့ပါပဲ။ ကျွန်တော် (၁၀၀)ရာခိုင်နှုန်း အဆင်သင့်ဖြစ်နေမှာပါ။ ၂၀၂၅ မှာ နှစ်ပွဲထိုးဖြစ်မှာပါ။ အဲဒါက ကတိပြုထားပြီးသားပါ။ ပြိုင်ဘက်က ဘယ်သူဖြစ်ဖြစ် ကိစ္စမရှိပါဘူး" ဟု မက်ဂရီဂေါ်က ပြောကြားခဲ့သည်။ 

မက်ဂရီဂေါ်အနေဖြင့် UFC နှင့်ချုပ်ဆိုထားသည့် စာချုပ်တွင်လည်း နှစ်ပွဲထိုးသတ်ရန် ကျန်ရှိနေသေးကြောင်း သိရသည်။  မက်ဂရီဂေါ်သည် UFC ပြိုင်ပွဲတွင် နောက်ဆုံးနိုင်ပွဲရထားခြင်းမှာ ၂၀၂၀ ခုနှစ်က ဆယ်ရိုနီကို (၄၀)စက္ကန့်ဖြင့် အနိုင်ယူထားခြင်းဖြစ်သည်။

Most Read

Most Recent