ရိုမေးနီးယားလက်ရွေးစင်နည်းပြ လူဆက်စကူ ရာထူးကနုတ်ထွက်ပြီး (၅)ရက်အကြာ အသက်(၈၀)အရွယ်မှာ ကွယ်လွန်

ရိုမေးနီးယားလက်ရွေးစင်နည်းပြ လူဆက်စကူ ရာထူးကနုတ်ထွက်ပြီး (၅)ရက်အကြာ အသက်(၈၀)အရွယ်မှာ ကွယ်လွန်
Photo: X
Photo: X
Published 8 April 2026

ရိုမေးနီးယားလက်ရွေးစင်အသင်းနည်းပြ လူဆက်စကူဟာ ရာထူးကနုတ်ထွက်ပြီး (၅)ရက်အကြာ အသက်(၈၀)အရွယ်မှာ ကွယ်လွန်သွားခဲ့ကြောင်း သိရပါတယ်။

လူဆက်စကူဟာ ၁၉၈၀ ဝန်းကျင်ကတည်းက နည်းပြလောကထဲ ဝင်ရောက်ခဲ့သူဖြစ်ပြီး ရိုမေးနီးယား၊ အီတလီ၊ တူရကီ၊ ယူကရိန်းနဲ့ ရုရှားနိုင်ငံတွေက ကလပ်အသင်းများစွာကို ကိုင်တွယ်ခဲ့သလို တူရကီလက်ရွေးစင်အသင်းနဲ့ ရိုမေးနီးယားလက်ရွေးစင်အသင်းတွေကိုလည်း ကိုင်တွယ်ခဲ့ပါတယ်။

လူဆက်စကူက ဖာဂူဆန်၊ အန်ဆယ်လော့တီ၊ အာစင်ဝင်းဂါး၊ မော်ရင်ဟိုတို့ရဲ့နောက် ချန်ပီယံလိဂ်ပွဲ(၁၀၀)ပြည့်တဲ့ ပဥ္စမမြောက်နည်းပြအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ 

လူဆက်စကူဟာ ၂၀၂၄ ခုနှစ်မှာ ရိုမေးနီးယားလက်ရွေးစင်အသင်းကို တစ်ကျော့ပြန်ကိုင်တွယ်ခဲ့ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် Play-offs ယှဉ်ပြိုင်ခွင့်ရခဲ့ပေမဲ့ တူရကီအသင်းကို ရှုံးနိမ့်ခဲ့ရပါတယ်။

ဒါကြောင့် ဆလိုဗက်ကီးယားနဲ့ခြေစမ်းပွဲအတွက် ပြင်ဆင်နေစဉ် မတ်လ(၂၉)ရက်နေ့မှာ လေ့ကျင့်ရေးကွင်းအတွင်း နေမကောင်းဖြစ်ပြီး လဲကျခဲ့တာကြောင့် ဧပြီ(၂)ရက်နေ့မှာ ရာထူးက နုတ်ထွက်ခဲ့တာပါ။

ဧပြီ(၃)ရက်မနက်ပိုင်းမှာ နှလုံးသွေးကြောပိတ်သွားခဲ့တာကြောင့် ဆေးရုံတင်ပို့ခဲ့ရပြီး ဧပြီ(၇)ရက်မှာ ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

လူဆက်စကူ ကွယ်လွန်ခဲ့ခြင်းအတွက် ဘောလုံးလောကတစ်ဝှမ်း ဝမ်းနည်းကြေကွဲကြောင်း ရေးသားဖော်ပြခဲ့ကြပြီး ရိုမေးနီးယားဘောလုံးအဖွဲ့ချုပ်ကတော့ လူဆက်စကူဟာ စက္ကန့်တိုင်း ဘောလုံးအတွက် ရှင်သန်ခဲ့သူဖြစ်တာကြောင့် ရိုမေးနီးယားအတွက်ရော ကမ္ဘာ့ဘောလုံးလောကအတွက်ပါ ကြေကွဲစရာကောင်းတဲ့နေ့ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

Most Read

Most Recent