စနူကာတစ်ဦးချင်း အမျိုးသားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို သြဂုတ် ၂၆ ရက်က ကျင်းပရာ မြန်မာကစားသမား ကိုထက် နိုင်ပွဲရရှိပြီး ဆီမီးဖိုင်နယ်တက်ရောက်ခွင့်ရခဲ့ကြောင်း သိရသည်။
ယင်းပြိုင်ပွဲတွင် မြန်မာကစားသမား နှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကိုထက်သည် ထိုင်းကစားသမားအား (၃-၁) ပွဲဖြင့် အနိုင်ယူကာ ဆီမီးဖိုင်နယ်တက်ရောက်ခဲ့ခြင်းဖြစ်သည်။
အခြားပွဲစဉ်တွင် ရဲဇော်ထွဋ် (မြန်မာ)သည် လာအိုကစားသမားအား (၂-၃) ပွဲဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခဲ့ရသည်။ ကိုထက်သည် ဆီမီးဖိုင်နယ်တွင် လာအိုကစားသမား နှင့် ဆုံတွေ့နေပြီး ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲ ကို သြဂုတ် ၂၇ ရက် (ယနေ့) ဆက်လက်ကျင်းပ မည်ဖြစ်သည်။
ဘိလိယက်/စနူကာပြိုင်ပွဲသည် သြဂုတ်(၂၇)ရက်တွင် ပြီးဆုံးမည်ဖြစ်ပြီး အမျိုးသား စနူကာတစ်ဦးချင်းပြိုင်ပွဲ၊ 9-Ball Pool တစ်ဦးချင်းပြိုင်ပွဲနှင့် အမျိုးသမီး 9-Ball Pool တစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲများ ကျင်းပမည်ဖြစ်ကာ ရွှေတံဆိပ်သုံးခု ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။