ပေါ့ဘာကဲ့သို့ မာစီယဲလ်၊ လူကာကူ၊ ဆန်းချက်ဇ်တို့ ကြိုးစားရန် မန်ယူအသင်းနည်းပြ ဆိုးလ်ရှား တိုက်တွန်း

ပေါ့ဘာကဲ့သို့ မာစီယဲလ်၊ လူကာကူ၊ ဆန်းချက်ဇ်တို့ ကြိုးစားရန် မန်ယူအသင်းနည်းပြ ဆိုးလ်ရှား တိုက်တွန်း
Photo- AFP
Photo- AFP
Published 29 December 2018

မန်ယူအသင်းယာယီနည်းပြ ဆိုးလ်ရှားက မာစီယဲလ်၊ လူကာကူ၊ ဆန်းချက်ဇ် စသည့် တိုက်စစ်ကစားသမားများအနေဖြင့် ပေါ့ဘာကဲ့သို့ပင် ကြိုးစားကြရန် လိုအပ်ကြောင်း တိုက်တွန်း ပြောကြားသည်။

မန်ယူအသင်းသည် ယာယီနည်းပြ ဆိုးလ်ရှားလက်ထက် နှစ်ပွဲစလုံး ဂိုးပြတ်အနိုင်ရထားပြီး နည်းပြဟောင်း မော်ရင်ဟိုနှင့် ဆက်ဆံရေး အဆင်မပြေသဖြင့် ချန်လှပ်ခံခဲ့ရသည့် ပေါ့ဘာသည် ယင်းနှစ်ပွဲတွင် နှစ်ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု နှစ်ကြိမ်ပြုလုပ်ထားသည်။ သို့ဖြစ်ရာ ဆိုးလ်ရှားက ဒဏ်ရာပြန်လည် သက်သာလာသည့် ဆန်းချက်ဇ်၊ ခွင့်ရက်စေ့ပြီး ပြန်ရောက်လာသည့် လူကာကူနှင့် မာစီယဲလ်တို့အား ယခုထက် ပိုမိုတိုးတက်လာရန် လိုအပ်ကြောင်း တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာ ၂၈ ရက်ကပြုလုပ်သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ဆိုးလ်ရှားက “ကစားသမားတွေရဲ့ ကွင်းတွင်းစွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ကျွန်တော်လုပ်ပေးနိုင်တာ ဘာမှမရှိပါဘူး။ ပေါလ် (ပေါ့ဘာ) ကလည်း သူကိုယ်တိုင်စွမ်းဆောင်ခဲ့တာပါ။ အန်သိုနီ (မာစီယဲလ်)၊ ရိုမီလူ (လူကာကူ)၊ အလက်ဆစ် (ဆန်းချက်ဇ်) တို့နဲ့လည်း စကားပြောဖြစ်ပါတယ်။ ကျွန်တော်က သူတို့ကို လမ်းကြောင်းပေါ်တင်ပေးရုံလောက်ပဲ ညွှန်ပြ ပေးနိုင်တာပါ။ ကွင်းထဲမှာ စွမ်းဆောင်ရည်ကောင်းဖို့ ကိုယ်တိုင်လုပ်ယူ ရမှာပါ။ ဒီအချက်က အခွင့်အရေးရလာရင် သူတို့ကိုပိုကောင်းတဲ့သူ ဖြစ်လာစေမှာပါ။ ဒါကပဲ သူတို့ကိုပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ် နာမည်ရစေမှာပါ။ ကိုယ့်အတွက်ကိုယ် ကြိုးစားဖို့လိုပါတယ်။ ကျွန်တော်က တချို့ကိစ္စတွေကို ပွင့်ပွင့်လင်းလင်းပဲ ပြောပြပေးပါတယ်။ ကျွန်တော်က မန်နေဂျာဆိုပေမဲ့ ကစားသမားတွေကို ဒီနေရာမှာ ဒါလုပ်ဆိုပြီး ပြောလို့မရပါဘူး။ အသင်းအတွက် ပျော်ပျော်ရွှင်ရွှင်ကစားကြဖို့ နဲ့ ဒါကဘဝအတွက် အကောင်းဆုံးအချိန်ဆိုတာပဲ ပြောပြပါတယ်” ဟု ပြောကြားသည်။

ပေါ့ဘာ၏ ခြေစွမ်းနှင့်ပတ်သက်၍လည်း ၎င်းက “သူက ကမ္ဘာ့ ထိပ်တန်းကစားသမားတစ်ယောက်ပါ။ တိုက်စစ်ပိုင်းအမြင် အရမ်းကောင်းသလို ခေါင်းတိုက်မှုနဲ့ ဘောလုံးလုယူမှုလည်း ကောင်းပါတယ်။ ကြိုးစားအားထုတ်မှုက အကောင်းဆုံးဖြစ်ပြီး အဲဒါကအဓိကသော့ချက်ပါ” ဟု သုံးသပ်ပြောကြားသည်။ ဆိုးလ်ရှားသည် လူငယ်တိုက်စစ်မှူး ဂိုးမက်စ် (၁၈ နှစ်) ကို ဟတ်ဒါဖီးလ်နှင့်ပွဲ၌ လူစားလဲအသုံးပြုခဲ့ပြီး ကွင်းလယ်လူ ဂါနာ၊ တိုက်စစ်မှူး ဂရင်းဝုဒ် (၁၇ နှစ်) တို့ကို ရွေးချယ်ခဲ့သလို အနာဂတ်တွင် လူငယ်များ နေရာပေးသွားမည်ဟု ကတိပြုခဲ့သည်။

Most Read

Most Recent