BBC သတင်းဌာနကချီးမြှင့်သည့် အာဖရိကအကောင်းဆုံးဆု ဆာလာ နှစ်နှစ်ဆက်တိုက်ဆွတ်ခူး

BBC သတင်းဌာနကချီးမြှင့်သည့် အာဖရိကအကောင်းဆုံးဆု ဆာလာ နှစ်နှစ်ဆက်တိုက်ဆွတ်ခူး
Published 16 December 2018

လီဗာပူးလ်အသင်း၏ အီဂျစ်လက်ရွေးစင်တိုက်စစ်ကစားသမား မိုဟာမက်ဆာလာသည် ဗြိတိန်အခြေစိုက် BBC သတင်းဌာနက ချီးမြှင့်သည့် ၂၀၁၈ ခုနှစ်အတွက် အာဖရိကအကောင်းဆုံး ဘောလုံးသမားဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ဆာလာသည် ယခုနှစ် အကောင်းဆုံးဆုအတွက် လီဗာပူးလ်အသင်းဖော် မာနေ (ဆီနီဂေါ)၊ ဘီနာတီယာ (ဂျူဗင်တပ်စ်/မော်ရိုကို)၊ ကူလီဘာလီ (နာပိုလီ/ဆီနီဂေါ)၊ သောမတ်စ်ပါတေ (အက်သလက်တီကို/ဂါနာ) တို့နှင့် ယှဉ်ပြိုင်ခဲ့ရပြီး မဲအများဆုံးရရှိသဖြင့် အကောင်းဆုံးဆု ချီးမြှင့်ခံရခြင်းဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့်ရာသီက လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ ၅၂ ပွဲကစား ၄၄ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ အဆင့်၄ နှင့် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ဗိုလ်လုပွဲ ရောက်ရှိစေခဲ့သည်။ ထို့ပြင် ယခုရာသီတွင် ၂၃ ပွဲကစား ၁၃ ဂိုးသွင်းယူထားသလို အီဂျစ်အသင်းအတွက်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲအပါအဝင် ယခုနှစ်အတွင်း ခြောက်ပွဲကစား ခုနစ်ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သောကြောင့် အကောင်းဆုံးဆု ချီးမြှင့်ခံရခြင်းဖြစ်သည်။ ယင်းဆုကို ဒီဇင်ဘာ ၁၄ ရက်က ပေးအပ်ချီးမြှင့်ခဲ့ပြီး ဆုလက်ခံရယူပြီးနောက် ဆာလာက “ဒီဆုကို နောက်တစ်ကြိမ်ထပ်ရတဲ့ ခံစားချက်က အရမ်းကောင်းပါတယ်။ ဆုရလို့လည်း ပျော်ပါတယ်။ နောက်နှစ်မှာလည်း ထပ်ရချင်ပါ သေးတယ်” ဟု ပြောကြားသည်။

ဆာလာသည် ၂၀၁၇ ခုနှစ်တွင်လည်း ယင်းဆု ဆွတ်ခူးရရှိထားရာ ဘော်လ်တန်နှင့် နိုင်ဂျီးရီးယားကွင်းလယ်လူဟောင်း ဂျေဂျေအိုကိုချာနောက်ပိုင်း ပထမဆုံးအကြိမ် နှစ်နှစ်ဆက်တိုက်ရရှိသူအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး နှစ်ကြိမ်ရရှိဖူးသည့် စတုတ္ထမြောက်ကစားသမားလည်း ဖြစ်လာသည်။ 

Most Read

Most Recent