စပိန်လာလီဂါပွဲစဉ်(၁၆) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ်(၁၆) ပွဲကြိုသုံးသပ်ချက်
Photo : Wikipedia
Photo : Wikipedia
Published 15 December 2018

ဂီတာဖေး နှင့် ဆိုစီဒက် (စနေညနေ ၆း၃၀ နာရီ)

ဆိုစီဒက်ရဲ့ခြေစွမ်းကလည်း တစ်နေ့ရွှေ၊ တစ်နေ့ငွေနဲ့ ပုံမှန်မရှိသေးဘူး။ ဆိုစီဒက်ထက်စာရင် ဂီတာဖေးက အိမ်ကွင်းခြေစွမ်းပိုငြိမ်တယ်။ အထူးသဖြင့် ခံစစ်ကို သတိထားကစားတတ်တဲ့ ဂီတာဖေးနဲ့ ဂိုးအနည်းကိုပဲကြိုက်တယ်။

ဗယ်လာဒိုလစ် နှင့် အက်သလက်တီကို (စနေည ၉း၄၅ နာရီ)

ခြေစွမ်းပြန်ယိုင်သွားတဲ့ ဗယ်လာဒိုလစ် နောက်ဆုံးကစားခဲ့တဲ့ ဆိုစီဒက်နဲ့အဝေးကွင်းပွဲကိုတော့ နိုင်ပွဲပြန်ယူထားနိုင်တာ တွေ့ရတယ်။ အိမ်ကွင်းမှာလည်း ခံစစ်အားပြုပြီး ကစားပုံကျစ်လျစ်လို့ အဝေးကွင်းသရေပွဲဆက်နေတဲ့ အက်သလက်တီကို ဒီပွဲလည်း ကစားရခက်နေဦးမှာ သေချာတယ်။ ဂိုးအနည်းနဲ့ အိမ်ရှင် ဗယ်လာဒိုလစ်ကိုပဲ ဦးစားပေးရမယ့်ပွဲလို့ ထင်တယ်။

ရီးယဲလ်မက်ဒရစ် နှင့် ဗယ်လက်ကာနို (စနေည ၁၂းဝ၀ နာရီ)

ရီးယဲလ်နည်းပြ ဆိုလာရီကတော့ အသင်းကို ထိပ်ဆုံး (၄)သင်းထဲပြန်ရောက်အောင် ဆွဲတင်လာခဲ့ပါပြီ။ ပြိုင်ပွဲစုံနောက်ဆုံး (၄)ပွဲဆက်နိုင်ပွဲရပြီးနောက်မှာတော့ ဆိုလာရီကို ရဲရင့်သူတစ်ဦးဆိုပြီး အမည်ပေးချီးကျူးလာကြတာလည်း တွေ့ရတယ်။ ဆိုလာရီဟာ နောက်ပိုင်းပွဲတွေမှာ လူငယ်တွေကို ရဲရဲဝံ့ဝ့ံနေရာပေးလာခဲ့ပြီး အသင်းကိုအပြောင်းအလဲလုပ်ခဲ့သလို အသင်းကလည်း သိသာတဲ့တိုးတက်မှုတွေ ပြလာနိုင်တယ်။ ကွင်းလယ်မှာ လော်ရန်တေးနဲ့ စီဘယ်ယို့စ်တို့ ပုံမှန်နေရာရလာသလို၊ တိုက်စစ်မှာ ဗက်ဇ်ကေး၊ ဗင်နီစီယပ်စ်၊ မာရီယာနို၊ ခံစစ်မှာ ဗယ်လေဟို၊ ရယ်ဂီလွန်တို့လို လူငယ်လေးတွေလည်း ဆိုလာရီလက်ထဲမှာ ပွဲထွက် ခွင့်ပိုရလာကြတယ်။ အထူးသဖြင့် ဗလင်စီယာနဲ့ပွဲမှာ မာဆယ်လိုနေရာ ရယ်ဂီလွန်ကို ပွဲထုတ်ခဲ့တဲ့အပေါ်မှာလည်း ပရိသတ် တွေက ဆိုလာရီကို အမှတ်ပေးခဲ့ကြတယ်။ အခုလည်း မက်ဒရစ်မြို့ခံပြိုင်ဘက်ချင်းဆိုပေမယ့် အဆင့် (၁၉) က ဗယ်လက်ကာနိုရဲ့အနေအထားက ရီးယဲလ်နဲ့ ကွာလွန်းလှပါတယ်။ ကစားရမှာကလည်း ဘာနေဗျူးမှာဆိုတော့ ရီးယဲလ် ဘယ်နှဂိုးသွင်းပြီး အနိုင်ယူသွားမလဲဆိုတာပဲ စောင့်ကြည့်ရမယ့်ပွဲဖြစ်နေတယ်။

အီဘာ နှင့် ဗလင်စီယာ (တနင်္ဂနွေနံနက် ၂း၁၅ နာရီ)

ဗလင်စီယာကလည်း နိုင်ပွဲတစ်ပွဲရဖို့အရေး ရုန်းကန်နေရတုန်းပါပဲ။ အခုလည်း ခြေစွမ်းမှန်နေတဲ့ အီဘာကွင်းမှာဆိုတော့ ဗလင်စီယာအတွက် ခက်ခဲနေဦးမယ့်ပုံပဲ။ အထူးသဖြင့် အိမ်ကွင်းမှာ ဖွင့်ကစားတတ်တဲ့ အီဘာရဲ့ကစားပုံက ဗလင်စီယာကို  ကောင်းကောင်းဖိအားပေးနိုင်ဖို့များနေတယ်။ အိမ်ကွင်းလည်း ဖြစ်နေလို့ အီဘာနဲ့ ဂိုးအများကိုပဲကြိုက်တယ်။

Most Read

Most Recent