အသင်းဖော်များ လိုဏ်ဂူအတွင်း ကယ်တင်ခံရပြီးနောက် Wild Boars အသင်း၏ ကျန်အသင်းသားများ လေ့ကျင့်ခန်းပြန်ဆင်း

အသင်းဖော်များ လိုဏ်ဂူအတွင်း ကယ်တင်ခံရပြီးနောက် Wild Boars အသင်း၏ ကျန်အသင်းသားများ လေ့ကျင့်ခန်းပြန်ဆင်း
Published 14 July 2018

ဇူလိုင် ၁၂ ရက်တွင် မယ်ဆိုင်ခရိုင်၌ Wild Boars ဘောလုံးအသင်းမှ ကျန်ရှိသော အသင်းသားများအား လေ့ကျင့်ခန်း အစီအစဉ်တွင် တွေ့ရစဉ် (Photo - AFP)

ထိုင်းလိုဏ်ဂူတစ်ခုတွင် အသင်းဖော်များ ပျောက်ဆုံးသွားခဲ့ပြီးနောက်ပိုင်း ပထမဦးဆုံး လေ့ကျင့်ရေးအစီအစဉ်၌ Wild Boars ၏ ကျန်သောအသင်းသားများက ၎င်းတို့၏ သူငယ်ချင်းများကို ဘောလုံးကွင်းတွင်ပြန်လည် မြင်တွေ့ရရန် မစောင့်နိုင်တော့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။

ကောင်လေး ၁၂ ဦးနှင့် ၎င်းတို့၏ နည်းပြကို အံ့အားသင့်ဖွယ်ကယ်တင်မှုသည် ထိုင်းနိုင်ငံတွင် ဂုဏ်ယူဝံ့ကြွားစရာဖြစ်စေခဲ့ပြီး ထိုအသင်းကို ကမ္ဘာကျော်သွားစေခဲ့သည်။ ထိုအုပ်စုသည် ကျန်းကျန်းမာမာရှိနေကြပြီး စိတ်ဓာတ်တက်ကြွနေသည့်တိုင် အန္တရာယ်ရှိသည့် ရောဂါများကူးစက်နိုင်ခြေရှိသော မြေအောက်ပတ်ဝန်းကျင်တွင် သီတင်းနှစ်ပတ်ကျော် ပိတ်မိခဲ့ကြပြီးနောက် ဆေးဘက်ဆိုင်ရာ ရောဂါအားလုံး ကင်းရှင်းစေရေးအတွက် စောင့်ဆိုင်းနေရပြီး သီးခြားဆောင်တွင် ဆက်လက်တက်ရောက်နေကြရဆဲ ဖြစ်သည်။ ကောင်လေးများ၏ ဇာတိမြို့ မယ်ဆိုင်တွင် မြို့ခံများက ဂူဝ၌ ဆုတောင်းပွဲများ ပြုလုပ်နေသောကြောင့် ယင်းအုပ်စုပျောက်သွားခဲ့ပြီးနောက်ပိုင်းအခြားသော Wild Boars အသင်းသားများသည် အတူတူလေ့ကျင့်မှုကို လုပ်ဆောင်ခြင်း မရှိခဲ့ကြပေ။ သူငယ်ချင်းများနှင့် ပြန်လည်ဆုံတွေ့ရန် ကျန်သောအသင်းသားများ စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့သော ဘောလုံးကွင်းတွင် ဇူလိုင် ၁၂ ရက် ညနေပိုင်းကလေ့ကျင့်ရေး ပြန်မဆင်းခင် ကယ်ဆယ်မှုအောင်မြင်သည်ဟူသော သတင်းကို လက်ကျန်အသင်းသားများ စောင့်ဆိုင်းနေခဲ့ကြသည်။

“ကျွန်တော်သူတို့ကို လွမ်းနေပြီ။ သူတို့ကို ပွေ့ဖက်ချင်နေပြီဆိုတာ ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်တို့ ဘောလုံးအတူတူ ပြန်ကစားနိုင်အောင်သူတို့ မြန်မြန်ပြန် ကောင်းစေဖို့ကျွန်တော်ဆန္ဒပြုပါတယ်” ဟု Wild Boars အသင်းသားတစ်ဦးဖြစ်သည့် ဆက်ပါဂစ်ပရာဂျိုင်ဟောင်က  ပြောခဲ့သည်။

သူငယ်ချင်းများ ဘေးကင်းကြောင်းကြားရပြီး နောက်လက်ကျန် အသင်းသားများသည် စိတ်ထက်သန်နေကြကြောင်း Wild Boars အသင်း၏ နည်းပြချုပ် နော့ပါရတ်ခန်တာဗောင်က ပြောကြားခဲ့သည်။ ရဲရင့်သော ကယ်ဆယ်ရေးလုပ်ငန်းနှင့်သက်ဆိုင်သော ပြတိုက်တစ်ခုကို လိုဏ်ဂူနေရာတွင်တည်ဆောက်ရန် ထိုင်းအာဏာပိုင်များက စီစဉ်နေပြီး ဟောလိဝုဒ်ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုကလည်း ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးမည့် အစီအစဉ်များကို ထုတ်ပြန်ကြေညာခဲ့သည်။

Ref ; AFP

Most Read

Most Recent