ခရိုအေးရှားနှင့်ကစားမည့် ဆီမီးဖိုင်နယ်ပွဲစဉ်တွင် အင်္ဂလန်ပရိသတ်တစ်သောင်းဝန်းကျင် ကွင်းအတွင်းအားပေးမည်

ခရိုအေးရှားနှင့်ကစားမည့် ဆီမီးဖိုင်နယ်ပွဲစဉ်တွင် အင်္ဂလန်ပရိသတ်တစ်သောင်းဝန်းကျင် ကွင်းအတွင်းအားပေးမည်
Published 11 July 2018

 

 

Photos: AFP

ယနေ့ယှဉ်ပြိုင်ကစားမည့် ခရိုအေးရှားအသင်းနှင့် ဆီမီးဖိုင်နယ်ပွဲစဉ်သို့ အင်္ဂလန် ပရိသတ်တစ်သောင်းဝန်းကျင် ကွင်းအတွင်းသို့ လာရောက်အားပေးဖွယ်ရှိကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

အင်္ဂလန်အသင်းသည် ၁၉၉၀ အီတလီ ကမ္ဘာ့ဖလားနောက်ပိုင်း တစ်ကျော့ပြန် ဆီမီးဖိုင်နယ် တက်ရောက်ထားခြင်းဖြစ်ပြီး (၅၂) နှစ်ကြာ ကမ္ဘာ့ဖလားချန်ပီယံအိပ်မက်အတွက် အခွင့်အလမ်းကောင်းနေသောကြောင့် အသင်းပရိသတ်များ၏ စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ဇူလိုင် (၉) ရက်က Daily Mail ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည့်သတင်းတွင် ကွင်းအတွင်း အင်္ဂလန်ပရိသတ် အနည်းဆုံး ငါးထောင်ရှိမည်မှာ သေချာနေပြီး ယင်းပမာဏမှာ (၂၄) နာရီအတွင်း နှစ်ဆခန့်ဖြစ် သွားနိုင်သည်ဟု ရေးသားခဲ့သည်။

ကမ္ဘာ့ဖလားပြိုင်ပွဲမှထွက်ခဲ့ရသည့် အသင်းပရိသတ်များ၏ လက်မှတ်ပြန်လည်ရောင်းချမှုများကြောင့် အွန်လိုင်းလက်မှတ်ကုမ္ပဏီများတွင် ယင်းပွဲစဉ်အတွက် လက်မှတ်များစွာရှိနေပြီး အင်္ဂလန်ပရိသတ်များအနေဖြင့် စိတ်ကြိုက်ဝယ်ယူခွင့်ရရှိနေခြင်းဖြစ်သည်။

သို့သော် အင်္ဂလန်ပရိသတ်များ၏ ဝယ်လိုအားကြောင့် လက်မှတ်ဈေးနှုန်းများမှာ အဆမတန်မြင့်တက်လျက်ရှိသည်။ တန်ဖိုးအမြင့်ဆုံးဖြစ်သည့် Category A လက်မှတ်တစ်စောင်၏ တန်ဖိုးမှာ ပေါင် (၁၁၄၀၀) အထိ အမြင့်ဆုံးရှိနေပြီး တန်ဖိုးအနိမ့်ဆုံးလက်မှတ်များ၏ဈေး နှုန်းပင်လျှင် အွန်လိုင်းကုမ္ပဏီများတွင် ပေါင် (၅၆၀) ဝန်းကျင်အထိ ရှိနေသည်။

ဆွီဒင်အသင်းကိုအနိုင်ရခဲ့သည့် ကွာတားဖိုင်နယ်ပွဲစဉ်တွင်မူ အင်္ဂလန်ပရိသတ် (၃၅၀၀) ဦးဝန်းကျင် ရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် လက်မှတ်၊ ဟိုတယ်နှင့် လေယာဉ်လက်မှတ်အပြီးအစီး ပါဝင်သည့် ပေါင် (၃၀၀၀) တန် Package များဖြင့် ခရီးသွားကုမ္ပဏီများ၏ စီစဉ်မှုများလည်း ရှိနေသည်။

အင်္ဂလန်အသင်း၏ ပွဲထွက်ကစားသမားများထဲတွင် ကွင်းလယ်လူ ဟန်ဒါဆန် ကြံ့ခိုင်မှုပြဿနာရှိနေပြီး ပြီးခဲ့သည့် ဆွီဒင်နှင့်ပွဲတွင် (၈၅) မိနစ်၌ ဒိုင်ယာနှင့် လူစားလဲခဲ့ရသည်။ ဆွီဒင်နှင့်ပွဲကိုလွဲချော်ခဲ့သည့် တိုက်စစ်မှူး ဗာဒီမှာမူ ဆီမီးဖိုင်နယ်ပွဲအတွက် ကြံ့ခိုင်မှု ပြည့်ဝနေကြောင်းသိရသည်။ ခရိုအေးရှားအသင်းတွင်မူ ညာနောက်ခံလူ ဗာဆယ်လ်ကိုသည် ဒူးဒဏ် ရာရရှိနေ၍ ပါဝင်နိုင်ဖွယ်မရှိဘဲ ၎င်း၏နေရာတွင် ဗီဒါကို ပြောင်းလဲကစားခိုင်းဖွယ်ရှိပြီး ကော်လူကာမှာမူ ဗဟိုနောက်ခံလူအဖြစ် ဝင်ရောက်ကစားဖွယ်ရှိကြောင်း သိရသည်။