အီရန်နှင့် ဗင်နီဇွဲလားတို့၏ ရေနံထုတ်လုပ်မှု ကျဆင်းခြင်းကြောင့် အိုပက်အစည်းအဝေးတွင် ထုတ်လုပ်မှုတိုးမြှင့်ရေးနှင့်ပတ်သက်ပြီး အဓိကထား ဆွေးနွေးနိုင်ဟု IEA ပြောကြား

အီရန်နှင့် ဗင်နီဇွဲလားတို့၏ ရေနံထုတ်လုပ်မှု ကျဆင်းခြင်းကြောင့် အိုပက်အစည်းအဝေးတွင် ထုတ်လုပ်မှုတိုးမြှင့်ရေးနှင့်ပတ်သက်ပြီး အဓိကထား ဆွေးနွေးနိုင်ဟု IEA ပြောကြား
Published 14 June 2018

ဇွန် ၁၀ ရက်က ပြင်သစ်အနောက်မြောက်ပိုင်း၌ ပြင်သစ်ရေနံကုမ္ပဏီကြီး Total ၏ ရေနံသန့်စင်စက်ရုံကို တွေ့ရစဉ် (Photo - AFP)

အီရန်နှင့် ဗင်နီဇွဲလားတွင် ရေနံထုတ်လုပ်မှု ကျဆင်းသွားခြင်းကြောင့် အိုပက်နှင့် ရုရှားတို့သည် ယခုလနှောင်းပိုင်း အစည်းအဝေးတွင် ထုတ်လုပ်မှုတိုးမြှင့်ရေးနှင့် ပတ်သက်ပြီး အဓိကထား ဆွေးနွေးမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) က ဇွန် ၁၃ ရက်တွင် ပြောကြားခဲ့သည်။

ရောင်းလိုအား ကျဆင်းသွားသော်လည်း ရေနံဈေးကွက်သည် လာမည့်နှစ်အထိ တည်ငြိမ်ဖွယ်မရှိသေးကြောင်း IEA က သတိပေးခဲ့သည်။ ဗင်နီဇွဲလားတွင် နိုင်ငံရေး အကျပ်အတည်းနက်ရှိုင်းနေမှုနှင့် အမေရိကန်က အီရန်ကို ပြန်လည်ပိတ်ဆို့အရေးယူမှုများကြောင့် ထိုနှစ်နိုင်ငံ၏ ရေနံထုတ်လုပ်မှု ကျဆင်းသွားခဲ့သည်။

၂၀၁၅ ခုနှစ် နျူကလီးယားသဘောတူညီချက်မှ အမေရိကန်က နုတ်ထွက်မည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က မေလတွင် ကြေညာခဲ့သည်။ ထို့ပြင် ကမ္ဘာ့ကုန်သွယ်ရေး စစ်ပွဲနှင့်ပတ်သက်၍ စိုးရိမ်မှုများကြောင့် ရေနံဈေးနှုန်းသည် မကြာသေးခင်နှစ်များအတွင်း အမြင့်ဆုံးအထိ ရောက်ရှိသွားခဲ့ပြီး ထိုနောက်ပိုင်းတွင် ပြန်လည်ကျဆင်းသွားခဲ့သည်။ မေလနှောင်းပိုင်းက Brent ရေနံဈေးနှုန်း အညွှန်းကိန်းသည် ဒေါ်လာ ၈၀ အထိ ရောက်ရှိခဲ့ပြီးနောက် ယခုအခါ ၇၅ ဒေါ်လာ ဝန်းကျင်၌ ကုန်သွယ်နေသည်။ West Texas Intermediate ရေနံဈေးနှုန်းအညွှန်းကိန်းသည် မေလနှောင်းပိုင်းက ၇၂ ဒသမ ၂၄ ဒေါ်လာအထိ မြင့်တက်သွားခဲ့ပြီးနောက် ယခုအခါ ၆၆ ဒေါ်လာဝန်းကျင်သို့ ပြန်လည်ကျဆင်းခဲ့သည်။

အိုပက်နှင့်ရုရှားတို့သည် ရောင်းလိုအား ပိုလျှံမှုကို လျှော့ချရန်အတွက် ၂၀၁၆ ခုနှစ်တွင် ထုတ်လုပ်မှုလျှော့ချရန် အတူတကွ ဆုံးဖြတ်ခဲ့ကြသည်။ ဗီယင်နာသဘောတူညီချက်ဟု ခေါ်ကြသော ထိုသဘောတူညီချက်ကို ရေနံထုတ်လုပ်သူများက ပြောင်းလဲလိုကြဖွယ်ရှိကြောင်း မကြာသေးခင် သီတင်းပတ်များအတွင်း ရေနံထုတ်လုပ်သည့် နိုင်ငံများ၏ ကြေညာချက်ကို ကိုးကားပြီး ပါရီအခြေစိုက်IEA က သတိပေးခဲ့သည်။

ဝယ်လိုအားကို ထိခိုက်နိုင်ပြီး ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို သက်ရောက်နိုင်သော ရေနံဈေးနှုန်းမြင့်တက်မှုသည် မကြာမီ ကျဆင်းမည်ဟု ယုံကြည်ကြောင်း IEA က ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ်တွင် ရေနံဝယ်လိုအားသည်  တစ်ရက်လျှင် စည် ၁ ဒသမ ၄ သန်းရှိမည်ဟု IEA က ခန့်မှန်းခဲ့သည်။ သို့သော်လည်း ရေနံဈေးနှုန်း မြင့်တက်မှုနှင့် ကုန်သွယ်ရေးစစ်ပွဲ အလားအလာတို့ကြောင့် ဝယ်လိုအားကျ ဆင်းနိုင်သည့် အလားအလာရှိကြောင်း IEA က သတိပေးခဲ့သည်။ လာမည့်နှစ်ကုန်တွင် အီရန်နှင့် ဗင်နီဇွဲလားတို့၏ ရေနံထုတ်လုပ်မှု ကျဆင်းခြင်းကြောင့် ကမ္ဘာ့ရေနံထုတ်လုပ်မှု သည် တစ်ရက်စည် ၁ ဒသမ ၅ သန်းထိ ကျဆင်းနိုင်ကြောင်း IEA က ခန့်မှန်းခဲ့သည်။ အရှုံးကာမိရန်အတွက် အရှေ့အလယ်ပိုင်းမှ အိုပက်အဖွဲ့ဝင်နိုင်ငံများသည် တစ်ရက်လျှင် ရေနံစည် ၁ ဒသမ ၁ သန်းထိ ကာလတို တိုးမြှင့်ထုတ်လုပ်မှုကို ဆောင်ရွက်နိုင်ကြောင်း IEA က ထည့်သွင်းပြောကြားခဲ့သည်။

Ref; AFP

Most Read

Most Recent