ကက်စမဲရိုးမှာ ဘရာဇီးလ်အသင်း၏ အရေးပါဆုံးကစားသမားဖြစ်သည်ဟု စကိုလာရီဆို

ကက်စမဲရိုးမှာ ဘရာဇီးလ်အသင်း၏ အရေးပါဆုံးကစားသမားဖြစ်သည်ဟု စကိုလာရီဆို
Published 13 June 2018

 

 

Photo: BGR India,Futebol 24h

ဘရာဇီးလ်လက်ရွေးစင်အသင်းနှင့်အတူ ၂၀၀၂ ကမ္ဘာ့ဖလားချန်ပီယံဆုကိုရယူနိုင်ခဲ့သည့် နည်းပြဟောင်း စကိုလာရီက လာမည့် ၂၀၁၈ ကမ္ဘာ့ဖလားတွင် ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် အရေးပါဆုံးနှင့် အဓိကအကျဆုံးကစားသမားဖြစ်လာမည့်သူမှာ ကွင်းလယ်လူကက်စမဲရိုးဖြစ်သည်ဟု ပြောကြားခဲ့သည်။

အသက် (၂၆)နှစ်အရွယ်ရှိ ကွင်းလယ်ခံစစ်ကစားသမား ကက်စမဲရိုးသည် ကလပ်အသင်းဖြစ်သည့် ရီးယဲလ်မက်ဒရစ်အသင်းတွင်လည်း အဓိကကျသည့် ကစားသမားတစ်ဦးဖြစ်ပြီး လာမည့်ကမ္ဘာ့ဖလားတွင် ကက်စမဲရိုးမှာ ဘရာဇီးလ်အသင်း၏ အသင်းလိုက်ဟန်ချက်အတွက် အကောင်းဆုံးထိန်းကျောင်းပေးနိုင်မည့်သူဖြစ်ကြောင်း စကိုလာရီက ဆိုခဲ့ခြင်းဖြစ်သည်။

'' သူ (ကက်စမဲရိုး) ဟာလက်ရွေးစင်အသင်းရဲ့ ကစားကွက်ကို ဟန်ချက်ပိုညီစေပါလိမ့်မယ်။ သူဟာ မာဆယ်လို၊ နေမာစတဲ့ကစားသမားတွေ တိုက်စစ်ကို လွတ်လွတ်လပ်လပ်အားပြုနိုင်ဖို့ အခွင့်အရေးတွေပိုဖန်တီးပေးပါလိမ့်မယ်" ဟုစကိုလာရီက ပြောကြားခဲ့သည်။

ကက်စမဲရိုးသည် ရီးယဲလ်မက်ဒရစ်အသင်း၏ ချန်ပီယံလိဂ် (၃)ကြိမ်ဆက်အောင်ပွဲတွင် အဓိကကျသူတစ်ဦးအဖြစ်ပါဝင်ခဲ့သူဖြစ်ပြီး ကလပ်အသင်းအတွက် နောက်ဆုံး(၃)ရာသီတွင် ပြိုင်ပွဲစုံ (၁၂၅)ပွဲအထိကစားပေးခဲ့ပြီး (၁၄) ဂိုးသွင်းယူပေးခဲ့သည်။

ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် (၂၄)ပွဲကစားပေးထားသည့် ကက်စမဲရိုးသည် လက်ရွေးစင်အသင်းတွင် ၂၀၁၁ ခုနှစ်ကတည်းက ရွေးချယ်ခံခဲ့ရသော်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲကိုမူ ယခုတစ်ကြိမ်တွင် ကစာသမားဘ၀ ပထမဆုံးအကြိမ်ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent