ဇီဝလောင်စာမှသည် ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းအထိ နယ်ပယ်အသီးသီး၌ အသုံးပြုနိုင်သော အင်ဇိုင်းများကို ဖော်ထုတ်ရန် ဆောင်ရွက်ခဲ့သည့် သုတေသနအတွက် အမေရိကန် သိပ္ပံပညာရှင်နှစ်ဦးနှင့် ဗြိတိန်သိပ္ပံပညာရှင်တစ်ဦးတို့သည် ဓာတုဗေဒနိုဘယ်ဆုကို ဆွတ်ခူးခဲ့ကြောင်း ဂျူရီအဖွဲ့က အောက်တိုဘာ ၃ ရက်တွင် ကြေညာခဲ့သည်။
အမေရိကန်သိပ္ပံပညာရှင် ဖရန့်အာနိုးနှင့် ဂျော့စမစ်၊ ဗြိတိန်သိပ္ပံပညာရှင် ဂရီဂိုရီဝင်းတားတို့သည် ဒေါ်လာ ၁.၀၁ သန်းကို ခွဲဝေရရှိမည်ဖြစ်သည်။
ဓာတုဗေဒနိုဘယ်ဆုကို ရရှိသော ဖရန့်အာနိုးသည် ယင်းဆုကို ရရှိသည့် ပဥ္စမမြောက် အမျိုးသမီး သိပ္ပံပညာရှင်ဖြစ်ခဲ့ပြီး ဆုကြေး၏ ထက်ဝက်ကို ရရှိမည်ဖြစ်သည်။
ဇီဝဗေဒတွင် ဓာတုဓာတ်ပြုမှုအား မြင့်တက်စေသော အင်ဇိုင်းသစ်များ ဖန်တီးရန် အဆင့်ဆင့် တိုးတက်မှုများအား ဖြစ်စေခဲ့သည့် နည်းလမ်းတစ်ခုကို ယခုနှစ် နိုဘယ်ဆုရှင်များက ဖော်ထုတ်နိုင်ခဲ့ကြောင်း ဆွီဒင် တော်ဝင်သိပ္ပံ အကယ်ဒမီက ပြောကြားခဲ့သည်။
ပရိုတိန်းများ ဖြစ်လာစေရန်အတွက် ဗီဇပြောင်းလဲခြင်းနှင့် ဗီဇရွေးချယ်ခြင်းတို့အ တွက် အသုံးပြုသည့် အခြေခံမူများကို သိပ္ပံပညာရှင်သုံးဦးက အသုံးပြုခဲ့သည်။ ၎င်းတို့၏ ဆောင်ရွက်မှုကြောင့် လူသားမျိုးနွယ်အ တွက် အကြီးမားဆုံးသော အကျိုးကျေးဇူးကို ဖြစ်စေခဲ့ကြောင်း သိပ္ပံအကယ်ဒမီက ပြောကြားခဲ့သည်။
အသက် ၆၂ နှစ်အရွယ် အာနိုးသည် ကယ်လီဖိုးနီးယား နည်းပညာသိပ္ပံမှ ဓာတုအင်ဂျင်နီယာ ပါမောက္ခဖြစ်ပြီး ၎င်း၏ လုပ်ဆောင်ချက်ကြောင့် ရုပ်ကြွင်းလောင်စာကဲ့သို့ အဆိပ်သင့်ဓာတုပစ္စည်းများကို အစားထိုး ခြင်းကဲ့သို့သော ပြဿနာဖြေရှင်းနိုင်မှုများကို ဖြစ်စေခဲ့သည်။
ပရိုတိန်းအသစ်များကို အလိုရှိသည့် ဂုဏ်သတ္တိများဖြင့် ဖန်တီးနိုင်သည့်နည်းလမ်းကြောင့် ကြံကဲ့သို့သော ပြန်လည်ပြည့်ဖြိုးမြဲ ရင်းမြစ်များကို ဇီဝလောင်စာအဖြစ် ပြောင်းလဲနိုင်ရန် ဖြစ်လာခဲ့သည်။
ထို့ပြင် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေသော ဓာတုပစ္စည်းများ ပို၍ထုတ်လုပ်လာနိုင်ပြီး အဝတ်လျှော်ဆပ်ပြာမှုန့်ကဲ့သို့ သော နေ့စဉ်သုံးထုတ်ကုန်များကို တိုးတက်ထုတ်လုပ်နိုင်စေခဲ့သည်။
ကိန်းဘရစ်တက္ကသိုလ်မှ မော်လီကျူးလား ဇီဝဗေဒဌာန၏ ခေါင်းဆောင်ဖြစ်သူ ဝင်းတား ၆၇ နှစ်နှင့် မစ်ဇူရီတက္ကသိုလ်မှ စမစ်တို့သည် ပရိုတိန်းအသစ်များ ဖန်တီးရာတွင် အသုံးပြုနိုင်သော နည်းလမ်းတစ်ရပ်ကို တီ ထွင်ခဲ့ကြောင်း ဂျူရီအဖွဲ့က ပြောကြားခဲ့သည်။
အဆစ်ရောင်ရောဂါ၊ အရေပြားရောဂါ တို့အတွက် ဆေးဝါးများသည် နိုဗယ်ဆုရှင်များ၏ သုတေသနမှ အကျိုးကျေးဇူးများဖြစ်ကြောင်း၊ ထို့ပြင် အဆိပ်ပစ္စည်းများကို ပြေပျောက်စေသော ခုခံအားကျဆင်းစေသော ရောဂါများကို တန်ပြန်နိုင်သော ဆေးဝါးများကိုလည်း ၎င်းတို့၏ သုတေသနကြောင့် ဖော်ထုတ်နိုင်ခဲ့သည်။














