
ပုသိမ်မြို့ အထွေထွေရောဂါကု ဆေးရုံကြီး အရေးပေါ်နှင့် ပြင်ပလူနာဌာနသို့ လာရောက်ကြသူများအား Mask များ တပ်ဆင်လျက်တွေ့ရစဉ် (ဓာတ်ပုံ-နီလာစိုး)
ဇူလိုင်၂၉ ရက်တွင် ရာသီတုပ်ကွေး (Seasonal Influenza A (H1N1) 2009) တွေ့ရှိသူ ခြောက်ဦး ထပ်မံတိုးလာပြီး သေဆုံးသူ တစ်ဦးရှိသဖြင့် စုစုပေါင်း သေဆုံးလူနာ ခုနစ်ဦးအထိရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနက ဇူလိုင် ၂၉ ရက် ညနေပိုင်းက အတည်ပြု ပြောကြားသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် H1N1 သံသယရှိသူ ၁၀၀ ကျော် ရှိသည့်အနက် H1N1 အတည်ပြုလူနာမှာ ဇူလိုင် ၁၉ ရက်မှ ၂၉ ရက်အထိ ၄၁ ဦးအထိ ရှိလာပြီး သေဆုံးသူ စုစုပေါင်း ခုနစ်ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ သိရသည်။ ထပ်မံသေဆုံးသည့် H1N1 လူနာမှာ ဇူလိုင် ၂၅ ရက်မှစ၍ ရန်ကုန်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသည့် လူနာတစ်ဦးဖြစ်ပြီး ဝေဘာဂီဆေးရုံကြီးသို့ လွှဲပြောင်းကုသခဲ့ရာ ဇူလိုင်၂၈ ရက် ညပိုင်းက သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီနေ့ H1N1 လူနာတစ်ယောက် ထပ်ဆုံးတယ်လို့ သတင်းရပါတယ်။ သေဆုံးလူနာက ဇူလိုင် ၂၅ ရက်ကတည်းက ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေတဲ့ လူနာတစ်ဦးပါ။ သူ့ကိုတော့ ဝေဘာဂီဆေးရုံကို ပြန်လွှဲပြောင်းပြီး ကုသမှုပေးနေတဲ့ အချိန်မှာပဲ ဆုံးသွားတာပါ။ ဇူလိုင် ၂၈ ရက် ညနေပိုင်းက ဆုံးသွားပါတယ်။ သေဆုံးသူ ခုနစ်ဦးလို့ ပြောလို့ရပါတယ်။ အခုချိန်အထိ သံသယရှိတဲ့ လူနာကတော့ ၁၀၀ ကျော်လောက် ရှိပါတယ်။ အဲဒီထဲမှာ ပိုးတွေ့တဲ့လူနာ ၄၁ ဦး ရှိပါတယ်” ဟု ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
လက်ရှိအထိ H1N1 ရောဂါ အတည်မပြုနိုင်သည့် သံသယလူနာများလည်း ရှိနေကြောင်းနှင့် အင်းစိန်အထွေထွေရောဂါကု ဆေးရုံကြီး အပါအဝင် ဆေးရုံအချို့တွင် H1N1 သံသယလက္ခဏာရှိသူများ တက်ရောက်ကုသလျက်ရှိကြောင်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ သိရသည်။
မြောက်ဥက္ကလာဆေးရုံကြီးတွင် ဇူလိုင် ၂၈ ရက်က H1N1 သံသယလူနာသုံးဦး ထပ်မံတွေ့ရှိထားကြောင်း၊ ရန်ကင်းကလေး ဆေးရုံကြီးတွင် ရာသီတုပ်ကွေးရောဂါ H1N1 Positive ဖြင့် လာရောက်ဆေးကုသမှု ခံယူနေသည့် ကလေးနှစ်ဦးနှင့် H3N2 Positive ဖြင့် ကုသမှု ခံယူနေသူတစ်ဦး စုစုပေါင်း ကလေးသုံးဦး ရှိသည့်အနက် H1N1 Positive ဖြင့် ကုသမှုခံယူနေသည့် မြောက်ဥက္ကလာမှ ကိုးလအရွယ် ကလေးတစ်ဦးသည် ရောဂါပျောက်ကင်း သက်သာသည့်အတွက် ဇူလိုင် ၂၈ ရက်တွင် ဆေးရုံမှ ဆင်းစေခဲ့ကြောင်း ရန်ကင်း ကလေးဆေးရုံအုပ်ကြီး၏ ပြောကြားမှုအား မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ပြည်တွင်းသတင်းထုတ်လွှင့်မှုအရ သိရသည်။
H1N1 ကူးစက်ရောဂါနှင့် ပတ်သက်၍ ဆေးဘက်ဆိုင်ရာ ကျောင်းသားသမဂ္ဂများမှလည်း ကူးစက်ရောဂါ ဖြစ်ပွားရာ ဒေသရှိ ဆေးရုံများတွင် လိုအပ်သော ကူးစက်ရောဂါ ကာကွယ်ရေး အသုံးအဆောင် ပစ္စည်းများ အချိန်မီ အထောက်အပံ့ ပြည့်ဝစွာ ပေးနိုင်ရန် ဇူူလိုင် ၂၇ ရက်က သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တိုက်တွန်းစာ ပေးပို့ခဲ့ကြောင်း သိရသည်။
ရာသီတုပ်ကွေး H1N1 အပါအဝင် ရာသီတုပ်ကွေး ဖြစ်ပွားမှုသည် တစ်ကမ္ဘာလုံး၏ ငါးရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၃၀ အထိ နှစ်စဉ်ဖြစ်ပွားနေပြီး ရောဂါဖြစ်ပွားသူ၏ တစ်ရာခိုင်နှုန်းအောက်သာ သေဆုံးမှုရှိကာ ၂၀၀၉ ခုနှစ်က ကမ္ဘာ့ကပ်တုပ်ကွေးအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။
မြန်မာနိုင်ငံတွင် ယင်းရောဂါသည် ၂၀၀၁ ခုနှစ်ကတည်းက စတင်ဝင်ရောက်ခဲ့ပြီး ၂၀၀၉ ခုနှစ်က ယင်းရောဂါဖြစ်ပွားသူ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၁၇၆ ဦး ရှိခဲ့ကြောင်း သိရသည်။
■ ပုသိမ်မြို့ရှိ H1N1 သံသယရှိသူ လေးဦးအား ဆေးစစ်ချက်အရ ရောဂါဖြစ်ပွားကြောင်း အတည်ပြု
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် H1N1 သံသယရှိသူ လေးဦး၏ ဆေးစစ်ချက် အဖြေမှာ ဖြစ်ပွားမှု အတည်ပြုခဲ့ကြောင်း ဇူလိုင် ၂၉ ရက်က ဧရာဝတီတိုင်းဒေသကြီး အစိုးရရုံးမှ သတင်းရရှိသည်။
H1N1 သံသယရှိသူ လေးဦးအား ဇူလိုင် ၂၆ ရက်က စစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းတို့အား သီးခြားနေရာတစ်ခုတွင် စောင့်ကြည့်ကုသလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး အမျိုးသားသွေးစစ်ဌာနသို့ ပို့ဆောင်စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိ အတည်ပြုခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးထံမှ သိရသည်။
“စစ်ဆေးချက်ကတော့ အတည်ဖြစ်ပါတယ်။ ကလေးတွေ သက်သာနေပြီ ဖြစ်တဲ့အတွက် ရန်ကုန်ကို မတက်ပါဘူး။ ဒီမှာစောင့်ကြည့် ကြပ်မတ်ပြီး ကုသပေးနေပါတယ်။ စိုးရိမ်ရတဲ့ အနေအထား မရှိပါဘူး။ စဖြစ်ကတည်းကပဲ စိုးရိမ်ရတဲ့ အနေအထား မရှိတာပါ။ ဖျားတာပဲ ရှိတာပါ” ဟု ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောကြားသည်။
အဆိုပါ ရောဂါရှာ ပိုးစစ်ဆေးတွေ့ရှိသူများကို သီးသန့်ထားရှိ ကုသရာနေရာတွင် ဆက်လက်ထားရှိ ကုသနေခြင်း ဖြစ်ကြောင်း၊ ဖြစ်ပွားသူများမှာ ရေကြည်မြို့နယ်၊ ဖျာပုံမြို့နယ်နှင့် ပုသိမ်မြို့တို့မှဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးဌာနက ဇူလိုင် ၃၁ ရက်တွင် သတင်းစာရှင်းလင်းပွဲနှင့် ဆွေးနွေးပွဲများ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
■ ပန်းတနော်မြို့တွင် H1N1 ရောဂါပိုးနှင့် ပတ်သက်၍ အသိပညာပေး ဖြန့်ဝေမှုများ ပြုလုပ်ခဲ့ပြီး မြို့ပေါ်တွင် Mask များ ဝယ်ယူမရသည်အထိ ဖြစ်ပေါ်
ပန်းတနော်မြို့တွင် မြို့ခံလူမှုရေး အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် နိုင်ငံရေးပါတီများ စုပေါင်းကာ ဇူလိုင် ၂၉ ရက် နံနက်ပိုင်းတွင် H1N1 ရောဂါနှင့် ပတ်သက်၍ အသိပညာ ဖြန့်ဝေခြင်း၊ Mask များ ဖြန့်ဝေခြင်း ပြုလုပ်ခဲ့ပြီးနောက် မြို့ပေါ်ရှိ ဆေးဆိုင်များတွင် Mask များ ဝယ်ယူ၍ မရသည်အထိ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။
လူမှုရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းအဖွဲ့က ပန်းတနော်မြို့နယ် ဗိုလ်ချုပ်ကြေးရုပ်အနီး လမ်းဆုံတွင် မြို့ခံပြည်သူများအား Mask များ ဖြန့်ဝေခြင်းကို လုပ်ဆောင်ခဲ့ကြောင်း၊ ထိုသို့ ဖြန့်ဝေပြီးနောက် မြို့ပေါ်ရှိ ဆေးဆိုင်များတွင် Mask များ ဝယ်ယူမရသည်အထိ ပစ္စည်းများ ပြတ်လပ်ခဲ့ကြောင်း၊ ပန်းတနော်မြို့တွင် H1N1 ရောဂါကူးစက်ခံရသည့် ရောဂါဝေဒနာသည်များ မရှိသေးသော်လည်း ခရီးလမ်းဆုံရာ မြို့တစ်မြို့ ဖြစ်သောကြောင့် မြို့ခံပြည်သူများက ရောဂါကူးစက်ခံရမည်ကို စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း သိရသည်။
“ကျွန်တော် ဒီနေ့က လူမှုရေး အဖွဲ့အစည်းတွေရော၊ ဌာနဆိုင်ရာတွေကပါ စုပေါင်းပြီးတော့ H1N1 နဲ့ ပတ်သက်ပြီး အသိပညာတွေကို ပြည်သူတွေထံ ဖြန့်ဝေတာပါ။ ကျွန်တော်တို့ မြို့မှာတော့ ရောဂါကူးစက်ခံရသူ မရှိသေးပါဘူး။ အခုဆို ကျွန်တော်တို့ အလှူပေး ဖြန့်ဝေဖို့ Mask တွေပါ မြို့ပေါ်ဆေးဆိုင်တွေမှာ ဝယ်မရတော့တဲ့အတွက် နောက်ရက်တွေမှာ ထပ်မံလုပ်ဆောင်ပါဦးမယ်” ဟု ပန်းတနော်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးမြတ်သူရက ပြောကြားသည်။
■ မွန်ပြည်နယ်အတွင်း H1N1 ဖြစ်ပွားမှု အခြေအနေ စောင့်ကြည့်လျက်ရှိပြီး သံသယရှိသူ ကလေးငယ် တစ်ဦးအား ရန်ကုန်မြို့သို့ပို့ဆောင်ထား
မွန်ပြည်နယ်အတွင်း ပြင်းထန်အဆုတ်ရောင်ရောဂါ (H1N1) ဖြစ်ပွားမှု အခြေအနေအား စောင့်ကြည့်လျက်ရှိပြီး သံသယရှိသူ ကလေးငယ် တစ်ဦးအား ရန်ကုန်မြို့သို့ ပို့ဆောင်ထားကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဦးစီးမှူး ဒေါက်တာဇော်မင်းထွန်းက ပြောကြားသည်။
“လက်ရှိမှာ H1N1 နဲ့ ပတ်သက်ပြီး ရေးမြို့က ကလေးတစ်ဦးကို သံသယရှိတဲ့အတွက် ဇူလိုင် ၂၈ ရက် နံနက် ၁၁ နာရီလောက်မှာ ရန်ကုန်ကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။ မွန်းလွဲပိုင်းမှာတော့ ဆေးရုံက အဖွဲ့တွေနဲ့ ပုဂ္ဂလိက ဆေးရုံက အဖွဲ့တွေ ပေါင်းပြီးတော့ ကြိုတင်ပြင်ဆင်စရာ ရှိတာတွေကို ဆွေးနွေးခဲ့ပါတယ်။ ဆေးရုံတွေမှာရှိတဲ့ ဆရာဝန်၊ ဆရာမတွေ ရောဂါကူးစက်မှု မရှိအောင်၊ လူနာအချင်းချင်းလည်း ရောဂါကူးစက်မှု မရှိအောင် Mask တွေ ဘယ်လိုသုံးမလဲ။ လူနာတွေကို ဘယ်လိုခွဲခြားထားမလဲ ဆိုတာတွေကို ပြည်သူ့ဆေးရုံကရော၊ ပုဂ္ဂိလက ဆေးရုံကပါ ဆရာဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အနေနဲ့ အရပ်ထဲတွေမှာ တုပ်ကွေးဆန်တဲ့ အဖျားတွေ ရှိ၊ မရှိ စောင့်ကြည့်မှုတွေ လုပ်ဆောင်နေပါတယ်” ဟု ဒေါက်တာဇော်မင်းထွန်းက ပြောကြားသည်။
၎င်းက ဆက်လက်ပြီး “နောက်ပြီးတော့ လက်ရှိဖြစ်ပွားနေတဲ့ H1N1 ကိစ္စနဲ့ ထားဝယ်မှာ ဖြစ်ပွားနေတဲ့ H5N1 ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ မွန်ပြည်နယ်အနေနဲ့ ဘာတွေ ဆောင်ရွက်ကြမလဲ။ ကျွန်တော်တို့ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရယ်၊ မွေးမြူရေးနှင့် ကုသရေးဌာနက ပြည်နယ်မှူးရယ်၊ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အခု လူထုကြားထဲမှာ စိုးရိမ်မှုတွေ လွန်ကဲနေတာကို မှန်ကန်တဲ့ သတင်းတွေ ရရှိဖို့၊ မှန်ကန်တဲ့ အသိပညာတွေ ရရှိဖို့အတွက် ပညာပေးတွေ ဆောင်ရွက်ဖို့၊ နောက်ပြီး မြို့နယ်အလိုက် ကျွန်တော်တို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရယ်၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနရယ် ပူးပေါင်းပြီးတော့ ပညာရေးဌာနကနေတစ်ဆင့် ကျောင်းတွေမှာ ပညာပေး ဟောပြောပွဲတွေကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ နောက်ပြီး H1N1 နဲ့ပတ်သက်ပြီး ရောဂါမဖြစ်ပွားအောင်နဲ့ မပြန့်ပွားအောင် ပညာပေး ဗီနိုင်းပိုစတာတွေ ထောင်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
“လောလောဆယ် မွန်ပြည်နယ်မှာ H1N1 ကို Confirm Case မတွေ့သေးဘူးလို့ပဲ ပြောရမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီမှာ စမ်းသပ်နိုင်တဲ့ အနေအထားမျိုး မရှိသေးလို့ပါ။ ရောဂါအနေနဲ့လည်း လူတွေ စိုးရိမ်ကြောင့်ကြကြီးနေတာနဲ့ ပတ်သက်ပြီး ဒါက ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါ၊ တစ်ကိုယ်ရေ ကာကွယ်လို့ ရတယ် ဆိုတာကို အားလုံးသိအောင် မီဒီယာကတစ်ဆင့် အသိပညာ ပေးသွားမှာပါ။ ဒီရောဂါနဲ့ ပတ်သက်ပြီး ကျန်းမာရေး ရှုထောင့်က ပြောမယ်ဆိုရင် H1N1 ဖြစ်ခြင်း၊ Type A ဖြစ်ခြင်းသည် အရေးမကြီးဘူး။ ပြင်းထန်အဆုတ်ရောင်ရောဂါက ပိုပြီးတော့ စိုးရိမ်ရပါတယ်” ဟု ဒေါက်တာဇော်မင်းထွန်းက ပြောကြားသည်။
မွန်ပြည်နယ်အတွင်း H1N1 နှင့် ပတ်သက်ပြီး ဇူလိုင် ၂၇ ရက်က ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် တံတားကြီးကျေးရွာနေ အသက် ၃၀ အရွယ် ရွှေ့ပြောင်းလုပ်သား အမျိုးသမီးတစ်ဦးအား ရောဂါခံစားနေရသည်ဟု သံသယရှိ၍ မော်လမြိုင်မြို့ မောင်ငံရပ်ကွက်ရှိ ပုဂ္ဂလိက ဆေးခန်းတစ်ခုမှ ရန်ကုန်မြို့သို့ ပို့ဆောင်ခဲ့ရကြောင်း၊ ဇူလိုင် ၂၈ ရက်တွင်လည်း ရေးမြို့မှ သုံးနှစ်ခြောက်လအရွယ်ရှိ ကလေးငယ် (ကျား) တစ်ဦးအား မော်လမြိုင်မြို့ အမျိုးသမီးနှင့် ကလေးဆေးရုံမှ ရန်ကုန်မြို့သို့ ပို့ဆောင်ထားကြောင်း သိရသည်။
■ ရေးမြို့နယ် လမိုင်းမြို့ နှင်းစုံကျေးရွာအုပ်စု ကလိတ်တုတ်ကျေးရွာတွင် မူလတန်းအရွယ် ကျောင်းသားကျောင်းသူများ ဖြစ်ပွားခဲ့သည့် ရောဂါမှာ တုပ်ကွေးရိုးရိုးသာဖြစ်ဟု သိရ
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့ နှင်းစုံကျေးရွာအုပ်စု ကလိတ်တုတ်ကျေးရွာတွင် ဇူလိုင် ၁၅ ရက်မှစ၍ မူလတန်းအရွယ် ကျောင်းသားကျောင်းသူများ ဖြစ်ပွားခဲ့သည့် ပြင်းထန်သော အဖျားရောဂါမှာ ရိုးရိုးတုပ်ကွေးမျိုးသာဖြစ်ကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဦးစီးမှူး ဒေါက်တာဇော်မင်းထွန်း၏ ပြောကြားချက်အရ သိရသည်။
“လွန်ခဲ့တဲ့ (၂) ပတ်လောက်က မွန်ပြည်နယ် အနေနဲ့ ရေးမြို့နယ်ထဲမှာ တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့တာကို ကွင်းဆင်းစစ်ဆေးတဲ့ အခါမှာ H1N1 မဟုတ်ဘဲ ရိုးရိုးတုပ်ကွေးရောဂါ (Type A) တစ်မျိုးပဲ တွေ့ပါတယ်။ လူနာ ၁၃ ဦးကို ကုသပေးခဲ့ပါတယ်။ လက်ရှိမှာ လူနာ တော်တော်များများက သက်သာသွားပါပြီ” ဟု ဒေါက်တာဇော်မင်းထွန်းက ပြောကြားသည်။
ပြည်နယ်ငှက်ဖျားရောဂါ တိုက်ဖျက်ရေး ဆရာဝန်ကြီး ဒေါက်တာဉာဏ်ဆင့်က “ရေးမြို့နယ် လမိုင်းမြို့ ကလိတ်တုတ်ကျေးရွာကို ကျွန်တော်တို့ ဇူလိုင် ၂၆ ရက်က ရောက်သွားပါတယ်။ ရွာမှာက ဖြစ်နေတာ နှစ်ပတ်လောက်တော့ ရှိနေပြီပေါ့နော်။ ကလေးတွေက ဖျားလိုက်၊ ကျောင်းပျက်လိုက်၊ ပြန်ကောင်းလာလိုက် ဖြစ်နေတာ။ ကလေးတွေ အယောက် ၂၀ ကျော် ဖြစ်နေတာကို ကျောင်းအုပ်က မြို့နယ်ပညာရေးမှူးထံ အကြောင်းကြားတယ်။ အဲဒီကနေ ကျွန်တော်တို့ သိရပြီးတော့ ချက်ချင်း ဆင်းသွားတာပါ။ ကျွန်တော်တို့ ရောက်သွားတဲ့ အချိန်မှာတော့ ကျောင်းသားကျောင်းသူလေးတွေ တော်တော်လေးကို သက်သာနေကြပါပြီ” ဟု ပြောကြားသည်။
၎င်းက ဆက်လက်ပြီး “ရောဂါလက္ခဏာ အရကတော့ ရိုးရိုးတုပ်ကွေးပါပဲ။ ထုံးစံအတိုင်း ဖျားမယ်။ ချောင်းဆိုးမယ်။ ကိုယ်လက် ကိုက်ခဲတာတွေ ဖြစ်တယ်ပေါ့။ အဲဒီကျောင်းမှာ ကျောင်းသား၊ ကျောင်းသူ ၆၈ ယောက်ရှိတဲ့ အထဲက နှစ်ပတ်အတွင်းမှာ အယောက် ၃၀ ကျော် ဖျားတယ်လို့ ကျောင်းအုပ်ဆရာကြီးက ပြောပါတယ်” ဟု ပြောကြားသည်။
“တပ်မတော်ကလည်း သတင်းရရချင်း နယ်လှည့်ဆေးကုသရေးဆေးခန်း ဖွင့်လှစ်ပြီး ဆေးကုသမှု ပေးခဲ့ပါတယ်။ ကျွန်တော်တို့ ရောက်သွားတဲ့ အချိန်မှာတော့ ကျွန်တော်တို့ ကျန်းမာရေးဦးစီးဌာနနဲ့ ပူးပေါင်းပြီးတော့ ဆေးကုသမှုတွေ၊ ရောဂါရှာဖွေဖော်ထုတ်မှုတွေ လုပ်ဆောင်ပေးခဲ့ပါတယ်” ဟု ဒေါက်တာဉာဏ်ဆင့်က ဆက်လက်ပြောကြားသည်။
■ H1N1 ရောဂါ သံသယရှိလူနာများ တွေ့ရှိပါက အရေးပေါ်ကုသမှု ပေးနိုင်ရန် လွိုင်ကော်ဆေးရုံကြီး အဆောင်သစ်တွင် ပြင်ဆင်ထား
H1N1 ရောဂါ သံသယရှိ လူနာများ တွေ့ရှိလာပါက အရေးပေါ်ကုသမှုပေးနိုင်ရန် လွိုင်ကော်ဆေးရုံကြီး အဆောင်သစ်တွင် ပြင်ဆင်ထားကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်ထံမှ သိရသည်။
“လွိုင်ကော်ဆေးရုံကြီးမှာပေါ့။ အခုဖြစ်နေတဲ့ ရောဂါပေါ့။ ရာသီတုပ်ကွေးရောဂါလို့ ခေါ်တယ်။ လူအများ စိတ်ဝင်စားနေတာပေါ့။ H1N1 ပေါ့။ ကျွန်တော်တို့ ဆေးရုံကြီးမှာ ဘာလုပ်ထားလဲဆိုရင် ပထမပိုင်းမှာ ကတည်းက ရန်ကုန်မှာ ဒီလိုတွေဖြစ်ပြီး သတင်းတွေမှာ ကြားပြီဆိုတဲ့ အချိန်မှာ ကျွန်တော်တို့ရဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကနေ သတင်းထုတ်ပြန်ချက်တွေ ထုတ်တာရှိတယ်။ ပထမဆုံး စပြီး သတင်းထုတ်ပြန်ချက် ရပြီဆိုတာနဲ့ အဲဒီ သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး ကျွန်တော်တို့ ဆေးရုံမှာ ဒီဟာတွေနဲ့ ပတ်သက်တဲ့ သံသယလူနာ ရှိ မရှိပေါ့။ ဝိုင်းပြီး ဆွေးနွေးတယ်။ ဆေးရုံမှာ သံသယလူနာ မရှိဘူး။ ကယားပြည်နယ် အစိုးရကို ဇူလိုင် ၂၇ ရက်မှာ သံသယရှိလူနာ မရှိကြောင်း တင်ပြထားတယ်။ အဲဒီလိုမျိုး သံသယလူနာရှိခဲ့ရင် ကျွန်တော်တို့ သီးခြား ကုသဆောင် စီစဉ်ပြီးတော့ လုပ်ပါမယ်ဆိုတဲ့ အကြောင်းကို ကယားပြည်နယ် အစိုးရကို တင်ပြထားပြီး ဖြစ်ပါတယ်” ဟု ဆေးရုံအုပ်ကြီးက ပြောကြားသည်။
ဂျပန်နိုင်ငံမှ ဆောက်လုပ်လှူဒါန်းသော အဆောင်သစ်၌ အရေးပေါ်နှင့် ပြင်ပလူနာကုသဌာန နံဘေးတွင် သီးခြားစမ်းသပ်စစ်ဆေးရန် အဆောင်နှင့် ရောဂါကူးစက်လူနာ တွေ့ရှိလာပါကလည်း အရေးပေါ်ကုသရန်အတွက် Isolation Ward ကို ပြင်ဆင်ထားကြောင်း သိရသည်။
လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသော သူနာပြုများမှာ ဒေသခံများသာဖြစ်ပြီး ကယားပြည်နယ် သာမက ရှမ်းပြည်နယ် မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်း စသည့်မြို့နယ်များမှ လူနာများလည်း လာရောက်ကုသသည့် ဆေးရုံကြီးဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ကယားပြည်နယ်တွင် တုပ်ကွေးရိုးရိုးနှင့် သွေးလွန်တုပ်ကွေး သံသယရှိ လူနာများမှာ ယမန်နှစ်ထက် ပိုများပြီး သွေးလွန်တုပ်ကွေး ရောဂါကြောင့် သေဆုံးသူ ကလေးနှစ်ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
Writers: မင်းသူဝင်းထွဋ်၊ ဘိုဘိုမြင့်၊ နီလာစိုး၊ မခိုင်၊ ငြိမ်းငြိမ်းသူ















