■ ရန်ကုန်-ပြည်-ရန်ကုန် မီးရထားလမ်းပိုင်းတွင် ခေတ်မီလေအေးပေးစက်ပါ ခရီးသည်စီးအထူးရထား (DEMU) တွဲဆိုင်းဖြင့် စတင်ပြေးဆွဲမည်ဖြစ်ပြီး ORTP စနစ်ဖြင့် အွန်လိုင်းမှ လက်မှတ်ဝယ်ယူနိုင်

■ ရန်ကုန်-ပြည်-ရန်ကုန် မီးရထားလမ်းပိုင်းတွင် ခေတ်မီလေအေးပေးစက်ပါ ခရီးသည်စီးအထူးရထား (DEMU) တွဲဆိုင်းဖြင့် စတင်ပြေးဆွဲမည်ဖြစ်ပြီး ORTP စနစ်ဖြင့် အွန်လိုင်းမှ လက်မှတ်ဝယ်ယူနိုင်
Published 25 July 2026

ရန်ကုန်-ပြည်-ရန်ကုန် မီးရထားလမ်းပိုင်းတွင် လာမည့် ဇူလိုင် ၃၁ ရက်မှစတင်၍ ခေတ်မီလေအေးပေးစက်ပါ ခရီးသည်စီးအထူးရထား (DEMU) တွဲဆိုင်းဖြင့် အမှတ် (၇၃) အဆန် ရန်ကုန်-ပြည်ခရီးစဉ်နှင့် အမှတ် (၇၄) အစုန် ပြည် - ရန်ကုန် ရထားခရီးစဉ်တို့အား နေ့ချင်းပြန် အဆန်/အစုန် စတင်ပြေးဆွဲသွားမည်ဖြစ်ပြီး ORTP စနစ်ဖြင့် အွန်လိုင်းမှ လက်မှတ်ဝယ်ယူစီးနင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-ပြည် -ရန်ကုန် မီးရထားလမ်းပိုင်းတွင် DEMU (Diesel Electric Multiple Unit) လေအေးပေးစက်ပါ ခေတ်မီရထားများ ပြေးဆွဲနိုင်ရန် လမ်းပိုင်း အဆင့်မြှင့်တင်ခြင်း၊ တရားမဝင်လမ်းကူးများနှင့် ကျူးကျော်မှုများ ရှင်းလင်းခြင်းတို့ကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်း၊ ရထားလမ်းပိုင်းနှင့် ဘူတာရုံများ ကြံ့ခိုင်ရေး၊ လုံခြုံရေး စိစစ်မှုများနှင့် စမ်းသပ်ပြေးဆွဲမှု (Test Run) များ ပြုလုပ်ပြီးနောက် လာမည့် ဇူလိုင် ၃၁ ရက်တွင် DEMU တွဲဆိုင်းများဖြင့် ရန်ကုန်-ပြည်-ရန်ကုန် ခရီးစဉ်အား စတင်ပြေးဆွဲပေးမည်ဖြစ်ပြီး ဇူလိုင် ၂၄ ရက်မှစတင်၍ အွန်လိုင်းမှ လက်မှတ်များ ကြိုတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်-ပြည်-ရန်ကုန် မီးရထားလမ်းပိုင်းတွင် ORTP စနစ်ဖြင့် လက်မှတ်ဝယ်ယူနိုင်မည့် DEMU ရထားပြေးဆွဲမည့်အခြေအနေနှင့်ပတ်သက်ပြီး “၁၈၇၇ ခုနှစ်၊ မေလ ၁ ရက်နေ့မှာ ရန်ကုန်ကနေ သမိုင်းဝင်မြို့တစ်မြို့ဆီကို မြန်မာနိုင်ငံရဲ့ ပထမဆုံးမီးရထား စတင်ပြေးဆွဲခဲ့ပါတယ်။ အဲဒီအချိန်က စတင်ခဲ့တဲ့ လမ်းကြောင်းဟာ မြန်မာ့မီးရထားသမိုင်းရဲ့ အစဖြစ်ခဲ့သလို နှစ်ပေါင်းများစွာကြာတဲ့အထိ ခရီးသည်တွေနဲ့ မြို့တွေကို ဆက်သွယ်ပေးခဲ့တဲ့ အရေးပါတဲ့ လမ်းကြောင်းတစ်ခုလည်းဖြစ်ပါတယ်။ အခုတော့ အဲဒီသမိုင်းဝင်လမ်းကြောင်းကို ORTP နဲ့အတူ ပိုမိုလွယ်ကူတဲ့ ခရီးစဉ်ပုံစံနဲ့ ပြန်လည်ဆုံတွေ့ရတော့မှာပါ”ဟု မြန်မာ့မီးရထား ORTP ဌာနမှ ထုတ်ပြန်ကြေငြာထားသည်။

ရန်ကုန်-ပြည်-ရန်ကုန် မီးရထားလမ်းပိုင်းအတွက် DEMU (Diesel Electric Multiple Unit) လေအေးပေးစက်ပါ ခေတ်မီရထားများကို နေ့ချင်းပြန် အစုန်/အဆန် ပြေးဆွဲသွားမည်ဖြစ်ပြီး အမှတ် (၇၃) အဆန် ရန်ကုန်-ပြည် ခရီးသည်စီးအထူးရထားသည်  ရန်ကုန်ဘူတာမှ နံနက် ၅ နာရီခွဲတွင် စတင်ထွက်ခွာ၍ ပြည်ဘူတာသို့ နေ့လယ် ၁၁ နာရီခွဲအချိန်တွင်လည်းကောင်း၊ အမှတ် (၇၄) အစုန် ပြည် - ရန်ကုန် ခရီးသည်စီးအထူးရထားသည် ပြည်ဘူတာမှ နေ့လယ် ၁ နာရီတွင် ပြန်လည်ထွက်ခွာ၍ ရန်ကုန်ဘူတာသို့ ည  ၇ နာရီအချိန်တွင်လည်းကောင်း ဆိုက်ရောက်မည်ဖြစ်ကာ ရပ်တန့်ပေးမည့်ကြားဘူတာများအဖြစ် တညင်းကုန်း၊ သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ ၊ ကြို့ပင်ကောက်၊ နတ်တလင်း၊ ပေါင်းတည်ဘူတာတို့တွင် ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-ပြည်-ရန်ကုန် ခရီးစဉ်အတွက် စတင်ပြေးဆွဲမည့် အမှတ် (၇၃) အဆန်၊ အမှတ် (၇၄) အစုန် ခရီးသည်စီးအထူးရထား DEMU ရထားတွဲဆိုင်းတစ်ဆိုင်းတွင် အထက်တန်း (၂) တွဲ ၊ ပထမတန်း (၄) တွဲပါရှိပြီး အထက်တန်းတွင် ခရီးသည် ၆၆ ဦးနှင့် ပထမတန်းတွင် ခရီးသည် ၂၂၄ ဦး စုစုပေါင်း ၂၉၀ ဦး စီးနင်းလိုက်ပါနိုင်မည်ဖြစ်ပြီး ရထားလက်မှတ်ခနှုန်းထားမှာ ခရီးစဉ်အစ/အဆုံးအတွက် အထက်တန်းတွဲ ၂၀၀၀၀ ကျပ်နှင့် ပထမတန်းတွဲ ၁၅၀၀၀ ကျပ်တို့ဖြစ်ပြီး  ခရီးစဉ်အစ/အဆုံး ပြေးဆွဲချိန် ၆ နာရီသာ ကြာမြင့်မည်ဖြစ်ရာ  ခရီးစဉ် အဆန်/အစုန် နေ့ချင်းပြန် သွားရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရန်ကုန် - ပြည် ရထားလမ်းပိုင်းတွင် ပြေးဆွဲပေးလျက်ရှိသော အမှတ် (၇၁) အဆန်/ အမှတ် (၇၂) အစုန် လူစီးအမြန်လေအိတ်ရထားများ၏ ရထားလက်မှတ်များကိုလည်း၊ DEMU တွဲဆိုင်းရထားများကဲ့သို့ Online Railways Tacketing and Payment System (ORTP) စနစ်ဖြင့် လက်မှတ်များ ဝယ်ယူနိုင်မည်ဖြစ်ပြီး ခရီးစဉ်အစအဆုံးအတွက် ၇ ရက်နှင့် ကြားဘူတာများအတွက် ၅ ရက် ကြိုတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent