ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာနိုင်ငံနှင့် ထိစပ်နေသည့် နယ်စပ်တွင် ခြံစည်းရိုးများတည်ဆောက်ရန် ဆုံးဖြတ်

ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာနိုင်ငံနှင့် ထိစပ်နေသည့် နယ်စပ်တွင် ခြံစည်းရိုးများတည်ဆောက်ရန် ဆုံးဖြတ်
Published 21 July 2026

ဘင်္ဂလားဒေ့ရှ်အစိုးရသည် မြန်မာနိုင်ငံနှင့် ထိစပ်နေသည့် နယ်စပ်ဒေသ၏ အချို့နေရာအစိတ်အပိုင်းများတွင် ၁၀၈ ကီလိုမီတာရှည်လျားသည့် နယ်စပ်စည်းရိုးများတည်ဆောက်ရန်ဆုံးဖြတ်ခဲ့ကြောင်း Nikkei Asia သတင်းတွင် ဖော်ပြခဲ့သည်။

၂၇၁ ကီလိုမီတာရှည်လျားသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တစ်လျှောက် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများ၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများနှင့် မှောင်ခိုကူးမှုများကို တားဆီးရန်အတွက် လုံခြုံရေးအားနည်းသည့် နယ်စပ်အပိုင်းများတွင် သံဆူးကြိုးများဖြင့် စည်းရိုးများတည်ဆောက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ယခု လုပ်ဆောင်ချက်သည် မြန်မာနှင့် အိန္ဒိယ အပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်နေသည့် နယ်စပ်ဒေသများတွင် ဘင်္ဂလားဒေ့ရှ်၏ ပထမဆုံး နယ်စပ်ခြံစည်းရိုး ကာရံသည့် စီမံကိန်းလည်း ဖြစ်လာမည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းရှိ နယ်စပ်ဒေသတစ်လျှောက် မြင့်တက်လာသော လုံခြုံရေး စိုးရိမ်မှုများကို ထင်ဟပ်စေခဲ့သည်။

မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်၏ နေရာဒေသအချို့ကို AA ကထိန်းချုပ်ထားမှုနှင့်အတူ ဘင်္ဂလီ (မူရင်းတွင် ရိုဟင်ဂျာဟု ဖော်ပြ) များ နောက်ထပ် ဝင်ရောက်လာမည့်အခြေအနေ၊ လက်နက်နှင့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုများ၊ နယ်စပ်တွင် တည်ငြိမ်မှုပျက်ယွင်းသည့်အခြေအနေများ ပိုမိုဆိုးရွားလာမည်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက စိုးရိမ်လျက်ရှိသည်။

တရားမဝင် ခိုးဝင်မှုများ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများနှင့် မှောင်ခိုကူးမှုများကို တားဆီးရန် ရည်ရွယ်သည့် အဆိုပါ ခြံစည်းရိုးတည်ဆောက်ရေး အဆိုပြုချက်ကို ပြည်ထဲရေးဝန်ကြီး ဆာလာဟူဒင်း အာမက်က ပြီးခဲ့သောလတွင် လွှတ်တော်၌ ပထမဆုံးကြေညာခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက နယ်စပ်စည်းရိုးများတည်ဆောက်မည့်နေရာများကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း အဆိုပါ ခြံစည်းရိုးများသည် မဟာဗျူဟာမြောက် ရွေးချယ်ထားသော စိုးရိမ်ရသည့် နယ်စပ်ဧရိယာ ၁၀၈ ကီလိုမီတာခန့်ကို လွှမ်းခြုံကာရံသွားမည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) က ပြောကြားခဲ့သည်။

တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများကို တားဆီးရန်နှင့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှု၊ လက်နက်မှောင်ခိုကူးမှု၊ လူကုန်ကူးမှုနှင့် အခြားသော နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်နေသည့် ကွန်ရက်များကို ဖြိုခွင်းခြင်းဖြင့် နယ်စပ်ဒေသ စီမံခန့်ခွဲမှုကို မြှင့်တင်ရန် ယခုစီမံကိန်းကို ရည်ရွယ်ခြင်းဖြစ်ကြောင်း BGB တာဝန်ရှိသူများက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ နယ်စပ် စီမံခန့်ခွဲမှုစနစ်သည် ပြိုလဲသွားခဲ့သဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုအသစ်များကို ဖြစ်ပေါ်စေကြောင်း BGB ပြန်ကြားရေးအရာရှိ မိုဟာမက် ရှာရီဖူးလ် အစ္စလာမ်က Nikkei Asia ကို ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံး၏ စစ်သံမှူးဟောင်း အငြိမ်းစား ဗိုလ်ချုပ် မိုဟာမက် ရှာဟီဒူးလ် ဟက်ခ်ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ တရားမဝင် လက်နက်များနှင့် မူးယစ်ဆေးဝါးများ ဆက်လက်ဝင်ရောက်နေခြင်းနှင့်အတူ စစ်တကောင်း တောင်ကုန်းဒေသမှ လူပုဂ္ဂိုလ်အချို့သည် ငွေကြေးရရှိရန်အတွက် ရခိုင်ပြည်နယ်အတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ကာ လက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းနေကြသည်ဆိုသည့် သတင်းများကိုလည်း အစိုးရက စိုးရိမ်ပူပန်နေကြောင်း ပြောကြားခဲ့သည်။

နယ်စပ်ခြံစည်းရိုး ကာရံခြင်းသည် ကင်းလှည့်သည့် လမ်းများ ဖောက်လုပ်ခြင်းနှင့်အတူ စောင့်ကြည့်စစ်ဆေးမှုများကို သိသိသာသာ အားကောင်းစေမည်ဖြစ်ပြီး နယ်စပ်တစ်လျှောက် ခွင့်ပြုချက်မရှိဘဲ သွားလာလှုပ်ရှားမှုများကို လျှော့ချပေးနိုင်မည်ဟု ၎င်းက ထောက်ပြခဲ့သည်။

ထို့ပြင် Naikhongchhari နှင့် Bandarban ရှိ ခက်ခဲသော တောင်တန်းဒေသများသို့ နယ်စပ်စည်းရိုးစီမံကိန်းကို မတိုးချဲ့မီ မူးယစ်ဆေးဝါး၊ လက်နက်နှင့် လူကုန်ကူးမှုများအတွက် ရေရှည်အသုံးပြုနေသော လမ်းကြောင်းတစ်ခုဖြစ်သည့် နာ့ဖ်မြစ် တစ်လျှောက်တွင် ခြံစည်းရိုးတည်ဆောက်ခြင်းကို ဦးစားပေး လုပ်ဆောင်ရန်လည်း ဟက်ခ်က အကြံပြုခဲ့သည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် AA က မောင်တောမြို့ကို သိမ်းပိုက်ခဲ့ပြီး နယ်စပ်တစ်လျှောက် ထိန်းချုပ်မှုကို ချဲ့ထွင်လိုက်ပြီးနောက်ပိုင်း လုံခြုံရေး အခင်းအကျင်းမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယရေတပ်ဗိုလ်မှူးကြီး စဗီးရ် အလမ် ဆူဂျွန်က ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာအစိုးရနှင့် တရားဝင် သံတမန်ဆက်ဆံရေး ထိန်းသိမ်းထားသော်လည်း မြန်မာအစိုးရသည် နယ်စပ်ဒေသ အချို့တွင် ထိရောက်သော အုပ်ချုပ်ရေး အာဏာစက် မရှိတော့ကြောင်း၊ ယင်း၏ ရလဒ်အဖြစ် မတည်ငြိမ်မှုများ ပိုမိုမြင့်မားလာခြင်း၊ ဘင်္ဂလားဒေ့ရှ် တံငါသည်များ ပြန်ပေးဆွဲခံရခြင်း၊ နယ်စပ်ဖြတ်ကျော် မှောင်ခိုကူးခြင်း၊ ဘင်္ဂလီများ ထပ်မံဝင်ရောက်လာနိုင်သည့် စိုးရိမ်မှုများရှိလာခြင်းနှင့် မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသော စစ်ကျန်လက်နက်ပစ္စည်းများ၏ အန္တရာယ်များ၏ ခြိမ်းခြောက်မှုများ ရှိနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

BGB ၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ်ကုန်ပိုင်းတွင် AA က မြန်မာနိုင်ငံဘက်ခြမ်းရှိ နယ်စပ်ဒေသကို ထိန်းချုပ်ခဲ့ပြီးနောက် နာ့ဖ်မြစ်နှင့် ဘင်္ဂလားပင်လယ်အော်မှ ဘင်္ဂလားဒေ့ရှ် တံငါသည် ၄၂၆ ဦးထက်မနည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်ဟု ဖော်ပြထားသည်။ ၎င်းတို့အနက် ၃၂၄ ဦးကို ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သော်လည်း ကျန်ရှိသူများမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်ကြောင်း BGB ၏ အချက်အလက်များတွင် ဖော်ပြထားသည်။

AA သည် ၎င်း၏ စစ်ဆင်ရေးများအတွက် ရန်ပုံငွေရှာဖွေရန် ပြန်ပေးဆွဲခြင်းနှင့် ငွေညှစ်ခြင်းများကို ပိုမိုပြုလုပ်လာခဲ့ပြီး နယ်မြေထိန်းချုပ်မှုကို တိုးချဲ့ခဲ့ပြီးနောက် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးမှောင်ခိုကူးမှုနှင့် လက်နက်မှောင်ခိုကူးမှုများမှာ ပိုမိုမြင့်တက်လာခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အငြိမ်းစား ဗိုလ်မှူးချုပ် အမ် စခါဝတ် ဟော့စိန်က ပြောကြားခဲ့သည်။

Ref: View Bangladesh

Photo- Bay of Bengal Post

 

Most Read

Most Recent