AI နည်းပညာကို နိုင်ငံတစ်နိုင်ငံတည်းက လွှမ်းမိုးချုပ်ကိုင်မထားသင့်ကြောင်း တရုတ်သမ္မတ ရှီကျင်းပင်ကဇူလိုင် ၁၇ ရက်တွင် ပြောကြားခဲ့ပြီး ရှန်ဟိုင်းမြို့၌ ကျင်းပသည့် အဓိကညီလာခံတစ်ခုတွင် ယင်းနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။
တရုတ်နိုင်ငံ၏ AI မော်ဒယ်များသည် အမေရိကန်၏ အစွမ်းထက်ဆုံး ထုတ်ကုန်များကို လိုက်မီရန် ကြိုးပမ်းနေပြီး တစ်ချိန်တည်းမှာပင် ကုန်ကျစရိတ် သက်သာမှုဖြင့် ကမ္ဘာတစ်ဝန်းရှိ အသုံးပြုသူများကို ဆွဲဆောင်လျက်ရှိသည်။
သို့သော်လည်း စစ်ရေးတိုက်ခိုက်မှုများတွင် AI ကို အသုံးပြုလာခြင်း သို့မဟုတ် ဟက်ကာများနှင့် အကြမ်းဖက်သမားများက ၎င်းကို အသုံးပြုလာနိုင်ခြင်းတို့အပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်လာသည်နှင့်အမျှ လျင်မြန်စွာ ထွန်းကားလာနေသော ထိုကဏ္ဍကို မည်သို့ထိန်းကျောင်း စီမံရမည်နည်းဆိုသည်မှာ အဓိကအကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်။
"AI ဖွံ့ဖြိုးတိုးတက်မှုဟာ နိုင်ငံတစ်နိုင်ငံတည်းရဲ့ တစ်ကိုယ်တော် ဖျော်ဖြေမှု မဖြစ်သင့်ပါဘူး။ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုရဲ့ သဟဇာတဖြစ်တဲ့ တီးဝိုင်းတစ်ခု ဖြစ်သင့်ပါတယ်" ဟု World Artificial Intelligence Conference - WAIC ဖွင့်ပွဲတွင် ရှီက ပြောကြားခဲ့သည်။
"ကျွန်တော်တို့အနေနဲ့ AI နယ်ပယ်မှာ အမျိုးသားလုံခြုံရေးဆိုတဲ့ အယူအဆကို အလွန်အကျွံ ဆွဲဆန့်အသုံးချတာ ဒါမှမဟုတ် နိုင်ငံတစ်နိုင်ငံရဲ့ လုံခြုံရေးကို အခြားနိုင်ငံတွေရဲ့ လုံခြုံရေးထက် ဦးစားပေးတာတွေကို အတူတကွ ဆန့်ကျင်ရပါမယ်" ဟု ရှီကထပ်လောင်းပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့က အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို အကြောင်းပြ၍ တရုတ်နည်းပညာ တင်သွင်းမှုများအပေါ် ကန့်သတ်ချက်များ ချမှတ်ထားပြီး မကြာသေးမီက ဝါရှင်တန်နှင့် အမေရိကန် AI ဓာတ်ခွဲခန်းများအကြား အငြင်းပွားမှုများက ထိပ်တန်းနည်းပညာများကို မည်သူက ထိန်းချုပ်ခွင့်ရရှိသလဲဆိုသည့်အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။
WAIC ညီလာခံသည် တရုတ်နိုင်ငံ၏ AI လုပ်ငန်း တိုးတက်ပြောင်းလဲမှု ဦးတည်ချက်ကို နားလည်သဘောပေါက်ရန်အတွက် အရေးအကြီးဆုံး နှစ်ပတ်လည်ပွဲ ဖြစ်သည် ဟု Hello China Tech လေ့လာဆန်းစစ်ရေး စာစောင်မှ ပိုး ကျောက်က ပြောကြားခဲ့သည်။
"အမေရိကန်ပြည်ထောင်စုဟာ အဆင့်မြင့်ချစ်ပ်ပြားတွေ၊ ရှေ့ပြေးကွန်ပျူတာ အခြေခံအဆောက်အအုံတွေနဲ့ ရင်းနှီးမြှုပ်နှံမှု အများဆုံးလိုအပ်တဲ့ မော်ဒယ်လ် ဖွံ့ဖြိုးတိုးတက်ရေးပိုင်းမှာ သိသိသာသာ ဆက်လက်ဦးဆောင်နေဆဲ ဖြစ်ပါတယ်" ဟု ကျောက်ကပြောကြားခဲ့သည်။
"တရုတ်နိုင်ငံဟာ အမေရိကန်ရဲ့ အနီးကပ်ဆုံးနဲ့ အဘက်ဘက်က အပြည့်စုံဆုံး ပြိုင်ဘက် ဖြစ်ပါတယ်" ဟု ၎င်းက ဆိုသည်။
Ref:AFP
Photo:AFP















