ထောင်ဒဏ်ငါးနှစ်ချမှတ်ခံထားရသည့် Sky Villa ကွန်ဒိုပိုင်ရှင် ဦးနိုင်ထွန်းလင်းအား အောင်မြေသာ စံခရိုင်တရားရုံးမှ ထောင်ဒဏ်ခုနှစ်နှစ်ကျခံစေရန် ဇူလိုင်လ ၁၀ ရက် က ပြင်ဆင်အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
မန္တလေးငလျင်တွင် လူနှစ်ရာကျော်သေဆုံးခဲ့သည့် Sky Villa ကွန်ဒိုပိုင်ရှင် ဦးနိုင်ထွန်းလင်းအား အောင်မြေ သာစံမြို့နယ်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ်ငါးနှစ်ကျခံစေရန် ဇွန်လ၂၃ရက်က အမိန့်ချမှတ်ခဲ့ရာ အဆိုပါ အမိန့်နှင့်ပတ်သက်ပြီး အယူခံနှင့်ပြင်ဆင်မှုများ တက်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၏ ညွှန်ကြားချက်အရ အောင်မြေသာစံမြို့နယ်တရားရုံးမှ ချမှတ်ခဲ့သည့်အမိန့်နှင့်ပတ်သက်ပြီး ပြန်လည်စိစစ်ရန်အတွက်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ တင်ပြလာသည့် အောင်မြေသာစံခရိုင်ဥပဒေရုံးမှ လျှောက်ထားလာသော ပြင်ဆင်မှုအတွက်သော်လည်းကောင်း၊ တရားခံဘက်မှ တင်သွင်းလာသည့် အယူခံအတွက်သော်လည်း အသီးသီး အောင်မြေသာစံခရိုင်တရားရုံးသို့ တက်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် အောင်မြေသာစံခရိုင်တရားရုံးအနေဖြင့် " ၂၀၂၆ခုနှစ် ရာဇဝတ်ပြင်ဆင်မှုအမှတ်၃၉(က)နှင့် ၂၀၂၆ခုနှစ် ရာဇဝတ်ပြင်ဆင်မှုအမှတ်၄၂ တို့အားခွင့်ပြု၍ မူလမြို့နယ်တရားရုံးက တရားခံ ဦးနိုင်ထွန်းလင်း အပေါ် ရာဇသတ်ကြီးပုဒ်မ ၃၀၄-ကအရ ပြစ်မှုထင်ရှားတွေ့ရှိခြင်းကို ဆက်လက်အတည်ပြုပြီး ပြစ်ဒဏ်နှင့် စပ်လျဉ်း၍ အလုပ်နှင့်ထောင်ဒဏ်၅နှစ် ကျခံစေရန်အစား ထောင်ဒဏ် ရနှစ်ကျခံစေရန် ပြင်ဆင်အမိန့် ချမှတ်ခဲ့ပါသည်။ တရားခံ ဦးနိုင်ထွန်းလင်းလျှောက်ထားသော ၂၀၂၆ခုနှစ် ရာဇဝတ်အယူခံအမှတ်- ၂၂ကို ပလပ်ခဲ့ပါသည်" ဟု ချမှတ်ခဲ့သည့်အမိန့်နှင့်ပတ်သက်ပြီး အောင်မြေသာစံခရိုင်တရားရုံး သတင်းပြန်ကြား ရေးအရာရှိ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဦးနိုင်ထွန်းလင်းအား အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မိုးအောင်က တရားလိုပြုလုပ်ပြီး အောင်မြေသာစံမြို့နယ်တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
အောင်မြေသာစံမြို့နယ် ၊လမ်း၆၀ ၊၂၁လမ်းနှင့်၂၂လမ်းကြားရှိ Sky Villa ၁၁ထပ်ကွန်ဒိုပါဝင်သော အဆောက် အအုံများသည် ငလျင်ဒဏ်ကြောင့် ပြိုကျမှုဖြစ်ပွားခဲ့ရာ ရုပ်အလောင်း နှစ်ရာကျော်ကို တွေ့ရှိထားသည်ထိ လူသေဆုံးမှုများပြားခဲ့သည့် ကွန်ဒိုဖြစ်သည်။
Sky Villa တည်ဆောက်ခဲ့သည့် NT L Construction Companyမှ MD ဦးနိုင်ထွန်းလင်း၏ဇနီး ဒေါ်သက်သက်ခိုင်တို့ပါဝင်သောအဖွဲ့သည် ကွန်ဒိုပြိုကျမှုတွင် အသက်ဆုံးပါးသွားကြသူတစ်ဦးလျှင် ကျပ်သိန်းတစ်ရာစီ ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့်တောင်းပန်မှုပြုလုပ်ခြင်း အခမ်းအနားများကို ၁၉ လမ်း မုန်တိုင်ဇရပ်တွင် သုံးကြိမ်တိုင်တိုင် ပြုလုပ်ခဲ့သည်။















