တောင်ကိုရီးယားနိုင်ငံသည် ယခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သည့် သတိပေးချက်စနစ်အသစ်အရ ဇူလိုင် ၁၂ ရက်တွင် ၎င်း၏ ပထမဆုံးသော အရေးပေါ် အပူလှိုင်းသတိပေးချက်ကို ထုတ်ပြန်ခဲ့ပြီး ပြည်သူများအနေဖြင့် ပြင်ပလှုပ်ရှားမှုများကို ရပ်တန့်ကာ အပူဒဏ်မှ ကာကွယ်နေထိုင်ကြရန် အကြံပြုထားသည်။
တောင်ကိုရီးယားနိုင်ငံတွင် ပိုမိုကြာရှည်ပြီးပြင်းထန်လာသည့် အပူလှိုင်းဖြစ်ပွားမှု အရေအတွက် မြင့်တက်လာခြင်းကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် အဆိုပါ သတိပေးချက်စနစ်အသစ်ကို မိတ်ဆက်ခဲ့ခြင်းဖြစ်ကြောင်း အရာရှိများက ပြောကြားခဲ့သည်။
အပူလှိုင်းဒဏ်ခံစားနေရသော ဒေသများတွင် ခန္ဓာကိုယ်က ခံစားရသည့် အပူချိန် သည် ၃၈ ဒီဂရီဆဲလ်စီးယပ်စ် သို့မဟုတ် အမှန်တကယ် အပူချိန်သည် တစ်ရက်အတွင်း ၃၉ ဒီဂရီဆဲလ်စီးယပ်စ် သို့ ရောက်ရှိမည်ဟု ခန့်မှန်းရသောအခါတွင် အရေးပေါ်သတိပေးချက်ကို ထုတ်ပြန်ခြင်းဖြစ်သည်။
"ကိုရီးယား မိုးလေဝသဌာနအနေနဲ့ မြောက်ဂျောင်ဆန်းပြည်နယ် တောင်ပိုင်းမှာရှိတဲ့ မြို့နှစ်မြို့ဖြစ်တဲ့ ဂျောင်ဆန် နဲ့ ပိုဟန်း မြို့တို့အတွက် ဇူလိုင် ၁၂ ရက် မနက် ၁၀ နာရီ မှာ အရေးပေါ် အပူလှိုင်းသတိပေးချက်ကို ထုတ်ပြန်ခဲ့ပါတယ်" ဟု အဆိုပါအေဂျင်စီ၏ အကြီးအကဲ လီမီဆွန်း က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
"ဒါဟာ အခုစနစ် စတင်အာဏာတည်ကတည်းက ပထမဆုံးအကြိမ် ထုတ်ပြန်တာ ဖြစ်ပါတယ်" ဟု သူက ထပ်လောင်းပြောဆိုသည်။
"အရေးပေါ် အပူလှိုင်းသတိပေးချက်ဆိုတာ ရာသီဥတုက အရမ်းပူပြင်းနေတာမျိုးကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး" ဟု လီက ပြောကြားခဲ့သည်။
"ဒါဟာ ကျန်းမာသန်စွမ်းတဲ့ လူတွေတောင်မှ အပူဒဏ်ကြောင့် ဖြစ်ပွားတဲ့ ရောဂါဝေဒနာတွေနဲ့ သေဆုံးမှုတွေ အပါအဝင် ပြင်းထန်တဲ့ ထိခိုက်မှုဘေးအန္တရာယ် ကြုံတွေ့ရနိုင်ခြေ သိသိသာသာ မြင့်မားနေတဲ့ အခြေအနေကို ညွှန်ပြနေတာ ဖြစ်ပါတယ်"ဟု ဆိုကာ ပြင်ပလှုပ်ရှားမှုများ ပြုလုပ်နေသူများအနေဖြင့် ချက်ချင်းရပ်တန့်ပြီး အေးမြသောနေရာသို့ ရွှေ့ပြောင်းသင့်ကြောင်းနှင့် ကလေးသူငယ်များ သို့မဟုတ် အိမ်မွေးတိရစ္ဆာန်များ အပါအဝင် မည်သူ့ကိုမျှ မော်တော်ယာဉ်အတွင်း၌ ထားခဲ့ခြင်းမပြုသင့်ကြောင်းလည်း သူက ဖြည့်စွက်ပြောကြားခဲ့သည်။















