ဆီနီဂေါအသင်းက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၃၂)သင်းအဆင့်က ထွက်ခဲ့ရတာကြောင့် နည်းပြ ပါ့ပ်သီယောကို ရာထူးက ထုတ်ပယ်လိုက်ကြောင်း သိရပါတယ်။
ဆီနီဂေါအသင်းဟာ အုပ်စုအဆင့်မှာကတည်းက ပြင်သစ်နဲ့ နော်ဝေတို့ကို ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကထွက်ရဖို့ နီးစပ်ခဲ့ပြီး အုပ်စုတတိယနေရာနဲ့ နောက်တစ်ဆင့်တက်ခဲ့တာပါ။
(၃၂)သင်းအဆင့်မှာတော့ ဘယ်လ်ဂျီယံအသင်းကို အချိန်ပိုမှာ အရေးနိမ့်ခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲက ထွက်ခဲ့ရပြီးနောက် (၁၁)ရက်အကြာမှာ နည်းပြ ပါ့ပ်သီယောကို ထုတ်ပယ်ခဲ့ခြင်းဖြစ်ပါတယ်။
ဆီနီဂေါလက်ရွေးစင်တိုက်စစ်မှူးဟောင်းဖြစ်တဲ့ ပါ့ပ်သီယောဟာ ဆီနီဂေါအသင်းကို ၂၀၂၄ ဒီဇင်ဘာမှာ စတင်ကိုင်တွယ်ခဲ့ပြီး ၂၀၂၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ ချန်ပီယံဆုရယူပေးနိုင်ခဲ့ပေမဲ့ ကွင်းထဲက ထွက်ခွာပြီး ဆန္ဒပြခဲ့တဲ့လုပ်ရပ်ကြောင့် မော်ရိုကိုအသင်းကို ချန်ပီယံဆု လွှဲပြောင်းပေးခဲ့ရပါတယ်။
ဆီနီဂေါဘောလုံးအဖွဲ့ချုပ်က အပြောင်းအလဲလုပ်ဖို့ လိုအပ်နေပြီလို့ ယူဆတာကြောင့် နည်းပြ ပါ့ပ်သီယောနဲ့ လမ်းခွဲခဲ့ခြင်းဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။















