အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးသွားသည့် ဖလမ်းမြို့ ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ အပျက်အစီးများ ရှင်းလင်းမှုများ ဆောင်ရွက်ကြောင်း သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့် ဦးဆောင်ပြီး ချင်းပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဇူလိုင် ၁၁ ရက်တွင် ဖလမ်းမြို့၊ ကုတင် (၂၀၀) ဆံ့ ပြည်သူ့ဆေးရုံတွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဆေးရုံအဆောက်အဦနှင့် ဆေးရုံဝန်းအတွင်း၌ စုပေါင်းသန့်ရှင်းဆောင်ရွက်ကြကြောင်း သိရသည်။
ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ ဖလမ်းခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ၊ ပါဝင်သည့် စုပေါင်းအင်အား(၃၀၀)ဖြင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးသွားသည့် ဖလမ်းမြို့ကုတင် (၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးကို စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြရာ ဒုတိယဝန်ကြီးမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူများအား ပူးပေါင်းပါဝင်ဆောင်ရွက်ကြသည်ကို မြင်တွေ့ရသည့်အတွက် ဝမ်းသာဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။
ဖလမ်းမြို့ ပြည်သူ့ဆေးရုံကြီးမှာ ၁၈၉၅ ခုနှစ်တွင် ဆေးပေးခန်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး၊ ၁၉၁၅ ခုနှစ်၌ ပြင်ပလူနာဆောင် အဆောက်အဦ ဆောက်လုပ်ကာ ကျန်းမာရေးဝန်ဆောင်မှုပေးခဲ့ပါသည်။ ထိုမှတဆင့် ၁၉၂၅ ခုနှစ်တွင် (၁၆)ကုတင်ဆံ့ ဆေးရုံအဖြစ်လည်းကောင်း၊ ၁၉၄၅ခု နှစ်တွင် (၄၅)ကုတင်ဆံ့ ဆေးရုံအဖြစ်လည်းကောင်း၊ ၁၉၅၃ ခုနှစ်တွင် (၇၅)ကုတင်ဆံ့ ဆေးရုံအဖြစ် လည်းကောင်းအဆင့်ဆင့် တိုးမြှင့်ခဲ့ပါသည်။ ထို့နောက် ၁၉၆၃ခု နှစ်တွင် ကုတင်(၁၀၀)ဆံ့ ချင်းပြည်နယ် ပြည်သူ့ဆေးရုံအဖြစ်သို့ အဆင့်တိုးမြှင့်ခဲ့ပြီး၊ ထပ်မံ၍ RCC အဆောက်အဦ လူနာဆောင် (၃)ဆောင်အား နိုင်ငံတော်ခွင့်ပြု ရန်ပုံ ငွေဖြင့် ဆောက်လုပ်ကာ ၁၉၇၁ ခုနှစ် မေလ ၂၁ ရက်တွင် ဖွင့်လှစ်ခဲ့သည့် သမိုင်းဝင် ပြည်သူ့ဆေးရုံ ဖြစ်ပါသည်။ ထိုမှတဆင့် လိုအပ်သည့်အဆောက်အဦများကို အဆင့်ဆင့် တိုးချဲ့ဆောက်လုပ်ပြီး ၂၀၀၈ ခုနှစ် ဇူလိုင်လမှ စတင်ကာ ကုတင်(၂၀၀)ဆံ့ ဆေးရုံအဖြစ်၊ အဆင့်တိုး မြှင့်ကာ ချင်းပြည်နယ်ဒေသခံများ ကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည် သမိုင်းဝင် ပြည်သူ့ဆေးရုံ ဖြစ်ကြောင်း သိရသည်။
ယခုအခါ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဆေးရုံအဆောက်အဦများမှာ ထိခိုက်ပျက်စီးခဲ့သည့်အတွက် ဒုတိယဝန်ကြီး၏ ဦးဆောင်မှုဖြင့် အကြီးစားရှင်းလင်းခြင်း၊ အပျက်အစီးများဖယ်ရှားခြင်းများကို နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများ၊ ပြည်သူများနှင့် ပူးပေါင်း ဆောင်ရွက်နေကြကြောင်း သိရသည်။















