■ လူ့အခွင့်အရေးကောင်စီမျက်နှာစာ၌ နိုင်ငံတစ်နိုင်ငံတည်းအပေါ် ဦးတည်သည့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းနှင့် ဆုံးဖြတ်ချက်အဆိုများ တင်သွင်းခြင်းတို့သည် အပြုသဘောဆောင်သောဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ဖြစ်ပေါ်ရေးကို အထောက်အကူမပြုသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ယင်းတို့ကို အစဉ်တစိုက်ဆန့်ကျင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

■ လူ့အခွင့်အရေးကောင်စီမျက်နှာစာ၌ နိုင်ငံတစ်နိုင်ငံတည်းအပေါ် ဦးတည်သည့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းနှင့် ဆုံးဖြတ်ချက်အဆိုများ တင်သွင်းခြင်းတို့သည် အပြုသဘောဆောင်သောဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ဖြစ်ပေါ်ရေးကို အထောက်အကူမပြုသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ယင်းတို့ကို အစဉ်တစိုက်ဆန့်ကျင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်
Published 10 July 2026

■ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ နေရပ်စွန့်ခွာသူများ နေရပ်ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ် နှောင့်နှေးကြန့်ကြာနေမှုမှာ AA အဖွဲ့၏ တိုက်ခိုက်ခြင်းများကြောင့်သာဖြစ်ဟု ဆို

လူ့အခွင့်အရေးကောင်စီမျက်နှာစာ၌ နိုင်ငံတစ်နိုင်ငံတည်းအပေါ် ဦးတည်သည့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းနှင့် ဆုံးဖြတ်ချက်အဆိုများ တင်သွင်းခြင်းတို့သည် အပြုသဘောဆောင်သောဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ဖြစ်ပေါ်ရေးကို အထောက်အကူမပြုသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ယင်းတို့ကို အစဉ်တစိုက်ဆန့်ကျင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၉ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ၂၀၂၆ ခုနှစ် ဇွန် ၁၅ ရက်မှ ဇူလိုင် ၈ ရက်အထိ ကျင်းပခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၆၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အပြုသဘောဆောင်သည့်ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာမူများနှင့်ဆန့်ကျင်လျက် မြန်မာနိုင်ငံဆိုင်ရာဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ အစည်းအဝေးကာလအတွင်း ဇွန် ၂၉ ရက်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ အစီရင်ခံစာတင်သွင်းမှုပြုလုပ်ခဲ့ပြီး အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) က တင်သွင်းသည့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုကိုလည်း ဇူလိုင် ၆ ရက်တွင် သက်ဆိုင်ရာမြန်မာနိုင်ငံ မပါဝင်ဘဲ အတည်ပြုချမှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မဟာမင်းကြီး၏ အစီရင်ခံစာတွင် ယခင်လူ့အခွင့်အရေးကောင်စီ အစည်းအဝေးများအတွင်း အထူးအစီရင်ခံစာတင်သွင်းသူဟုဆိုသူက တင်သွင်းခဲ့သည့် အစီရင်ခံစာနှင့် အချက်အလက်များကိုသာ ထပ်တလဲလဲ ပြန်လည်ဖော်ပြထားသည်ကိုတွေ့ရှိရကြောင်း၊ အဆိုပါ အစီရင်ခံစာတွင် အလွန်အမင်းအစွန်းရောက်သောအမြင်များနှင့် အခြေအမြစ်မရှိသည့် စွပ်စွဲချက်များကိုသာ ဖော်ပြထားသည့်အတွက် မြန်မာနိုင်ငံ၏ ပကတိမြေပြင်အခြေအနေကို ကောင်းစွာထင်ဟပ်နိုင်ခြင်းမရှိသည်ကို စိတ်ပျက်ဖွယ်တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် အိုအိုင်စီက တင်သွင်းခဲ့သည့် ဆုံးဖြတ်ချက်အဆို အပါအဝင် ယခင်လူ့အခွင့်အရေးကောင်စီ အစည်းအဝေးများ၌ ချမှတ်ခဲ့သော ဆုံးဖြတ်ချက်အဆိုအသီးသီးသည် ၂၀၁၆ နှင့် ၂ဝ၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် နေရပ်စွန့်ခွာမှု၏ အဓိကအကြောင်းရင်း (မြစ်ဖျားခံရာ) ကို ဖော်ပြရန် ပျက်ကွက်ကြောင်း၊ ထိုသို့ ပျက်ကွက်မှုက အဆိုပါ ဆုံးဖြတ်ချက်အဆိုများသည် နေရပ်စွန့်ခွာသူများဆိုင်ရာပြဿနာအား အဓိပ္ပာယ်ရှိစွာ စိတ်ရင်းမှန်ဖြင့် ပူးပေါင်းဖြေရှင်းလိုမှုကင်းမဲ့သည်ကို ပြသနေကြောင်း၊ ဆုံးဖြတ်ချက်အဆိုတွင် စွပ်စွဲဖော်ပြထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အမုန်းစကားဆိုင်ရာ အခြေအမြစ်မရှိ ဖော်ပြချက်များသည် မြေပြင်အခြေအနေနှင့် လွန်စွာကင်းကွာနေသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လုံခြုံရေးနှင့် တည်ငြိမ်ရေး ပြန်လည်ကောင်းမွန်လာပါက နှစ်နိုင်ငံသဘောတူစာချုပ်များနှင့်အညီ စိစစ်ပြီးစီးသည့် နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရန် မြန်မာနိုင်ငံအနေဖြင့် စစ်မှန်သောနိုင်ငံရေးဆန္ဒရှိကြောင်းကို ထပ်လောင်းပြောကြားလိုကြောင်း၊ စိစစ်ပြီးစီးသည့် ပြန်လည်ဝင်ရောက်လာသူများကို လက်ခံရန် မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှပေးပို့လာသော လူဦးရေစာရင်းကို စိစစ်ပြီး လစဉ် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပေးပို့ဆောင်ရွက်လျက်ရှိကြောင်း၊ စင်စစ်အားဖြင့် လက်ရှိအချိန်တွင် နေရပ်ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ် နှောင့်နှေးကြန့်ကြာနေမှုမှာ AA အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်ခြင်းများကြောင့်သာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

မြန်မာနိုင်ငံ၌ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ပြီး ပြည်သူများ၏ဆန္ဒနှင့်အညီ ရွေးကောက်တင်မြှောက်ခြင်းဖြင့် နိုင်ငံတော်၏ လွှတ်တော်များနှင့် ရွေးကောက်ခံအစိုးရတစ်ရပ် ပေါ်ပေါက်နေပြီဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံတော်သမ္မတသည် ၂၀၂၆ ခုနှစ် ဧပြီ ၂၀ ရက်မှ ဇူလိုင် ၃၁ ရက်အထိကာလကို ပြည်ထောင်စုအစိုးရ၏ ရက် ၁၀၀ စီမံကိန်း အကောင်အထည်ဖော်မှုကာလအဖြစ် သတ်မှတ်ခဲ့ပြီး ယင်းကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ရန် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားသည့်အဖွဲ့များနှင့် လက်မှတ်မထိုးရသေးသည့်အဖွဲ့များအားလုံးကို ထပ်မံဖိတ်ခေါ်ခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

ထို့အပြင် PDFs အဖွဲ့ဝင်များကိုလည်း ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်ကမ်းလှမ်းထားကြောင်း၊ ယင်းကဲ့သို့သော စဉ်ဆက်မပြတ် ဖိတ်ခေါ်မှုများကြောင့် လက်ရှိအချိန်အထိ PDFs အဖွဲ့ဝင်များ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့မှ စုစုပေါင်း အင်အား ၄,၀၀၀ ဦးကျော် ဥပဒေဘောင်ထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မမှိတ်မသုန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်လျက်ရှိစဉ်အတွင်း လူ့အခွင့်အရေးကောင်စီမျက်နှာစာ၌ နိုင်ငံတစ်နိုင်ငံတည်းအပေါ် ဦးတည်သည့်ဆွေးနွေးမှုများ ပြုလုပ်ခြင်းနှင့် ဆုံးဖြတ်ချက်အဆိုများ တင်သွင်းခြင်းတို့သည် အပြုသဘောဆောင်သောဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ဖြစ်ပေါ်ရေးကို အထောက်အကူမပြုသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ယင်းတို့ကို အစဉ်တစိုက်ဆန့်ကျင်ကြောင်း၊ ထို့ကြောင့် အိုအိုင်စီက တင်သွင်းခဲ့သည့် ဆုံးဖြတ်ချက်အဆိုကို မြန်မာနိုင်ငံအနေဖြင့် ပြတ်သားစွာခြွင်းချက်မရှိ ပယ်ချလိုက်ကြောင်းနှင့် မြန်မာအစိုးရအနေဖြင့် ဆွေးနွေးမှုများအတွင်း မျှတစွာရပ်တည်ပေးခဲ့သည့် ခင်မင်ရင်းနှီးသော နိုင်ငံများကို အသိအမှတ်ပြုကျေးဇူးတင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ 

Most Read

Most Recent