မော်လမြိုင်မြို့ တောင်ရိုးတန်း View Point အောက်ဘက် ချစ်သူလမ်းကြားလမ်းဘေးခြုံအတွင်း ထိုးသွင်း ဒဏ်ရာများဖြင့် သေဆုံးနေသည့် ဆိုင်ကယ် Taxi မောင်းသမားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ

မော်လမြိုင်မြို့ တောင်ရိုးတန်း View Point အောက်ဘက် ချစ်သူလမ်းကြားလမ်းဘေးခြုံအတွင်း ထိုးသွင်း ဒဏ်ရာများဖြင့် သေဆုံးနေသည့် ဆိုင်ကယ် Taxi မောင်းသမားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ
Published 2 July 2026

ဇူလိုင်(၂) ရက် နံနက် (၆) နာရီခန့်က မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ တောင်ရိုးတန်း View Point အောက်ဘက် ချစ်သူလမ်းကြားလမ်းဘေးခြုံအတွင်း ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် ဆိုင်ကယ် Taxi မောင်းသမားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိကြောင်း သတင်းရရှိသည်။

ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် ဆိုင်ကယ် Taxi မောင်းသမားမှာ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ စာရေးကြီးကုန်းရပ် (၆)လမ်းနေ အသက် (၄၅) နှစ်အရွယ် ဦးအောင်ဟိန်းဦး ဆိုသူဖြစ်ကြောင်း၊ ၎င်းမှာဇူလိုင်လ (၁) ရက်နေ့ ညနေ (၅) နာရီခွဲအချိန်ခန့်က ဆိုင်ကယ် Taxi မောင်းနှင်ရန် နေအိမ်မှထွက်သွားရာမှ ည (၁၁) နာရီအချိန်အထိ နေအိမ်သို့ ပြန်လည် ရောက်ရှိလာခြင်းမရှိသည့်အတွက် ၎င်းကိုင်ဆောင်သည့် လက်ကိုင်ဖုန်းအား မိသားစုဝင်များက အကြိမ်ကြိမ်ဆက်သွယ်ရာ ဖုန်းဝင်သော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်းမရှိကြောင်း သိရသည်။

ထို့နောက် ဇူလိုင်လ (၂) ရက် နံနက် (၆) နာရီတွင် ဦးအောင်ဟိန်းဦး၏ လက်ကိုင်ဖုန်းအား မိသားစုဝင်များမှ  ထပ်မံဆက်သွယ်ခဲ့ရာ ယင်းနေရာအနီးသို့ ရောက်ရှိနေသည့် ဆောက်လုပ်ရေးအဖွဲ့တစ်ဖွဲ့မှ အမျိုးသားတစ်ဦးက ကိုင်ဆောင်ပြီး တည်နေရာအားပြောကြားပေးခဲ့ပြီးနောက် မိသားစုဝင်များထံ လက်ကိုင်ဖုန်းအား ပြန်လည်ပေးအပ်ခဲ့ကြောင်းနှင့် မိသားစုဝင်များက အကျိုးအကြောင်းပြောပြကာ  အဆိုပါ ချစ်သူလမ်းကြားဘေးခြုံစပ်အနီးလိုက်လံရှာဖွေမှုများလုပ်ဆောင်ခဲ့ရာ လမ်းဘေးခြုံအတွင်းမှ ဦးအောင်ဟိန်းဦး၏ ရုပ်အလောင်းအား တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဦးအောင်ဟိန်းဦးရဲ့ရုပ်အလောင်းမှာ လည်ပင်းညာဘက်မှာ ထိုးသွင်းဒဏ်ရာ (၃) ချက်တွေ့ရပါတယ်။ ဆိုင်ကယ်တော့မတွေ့ရတော့ဘူးလို့ သိရပါတယ် ဟု လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောကြားသည်။

ထို့နောက် ဦးအောင်ဟိန်းဦး၏ ရု်ပအလောင်းအား လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ မော်လမြိုင်ပြည်သူ့ ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း နှင့် ရဲတပ်ဖွဲ့မှလည်း စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သိရသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး မော်လမြိုင်မြို့၊ စစ်ကဲကုန်းနယ်မြေရဲစခန်းတွင် အမှုကြီးအမှတ်စဉ် (၁/၂၀၂၆)၊ (ပ) ၇၇/၂၀၂၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဘိုဘိုမြင့်

Most Read

Most Recent