အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ သောမတ်စ်တူဟယ်လ်က ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ဂျာမနီနဲ့ နယ်သာလန်တို့ စောစောစီးစီးထွက်ခွာခဲ့ရခြင်းက မိမိတို့ကို စိတ်အေးအေးထားနိုင်အောင် လုပ်ဆောင်ပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ (၃၂)သင်းအဆင့်မှာ ဂျာမနီက ပါရာဂွေးကို ပယ်နယ်တီအဆုံးအဖြတ်(၃-၄)ဂိုး၊ နယ်သာလန်က မော်ရိုကိုကို ပယ်နယ်တီအဆုံးအဖြတ်(၂-၃)ဂိုးတွေနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခွာခဲ့ရတာပါ။
အင်္ဂလန်အသင်းက (၃၂)သင်းအဆင့်မှာ အာဖရိကအသင်းတစ်သင်းဖြစ်တဲ့ DR ကွန်ဂိုနဲ့ ဆုံတွေ့နေပြီး ဒီည မြန်မာစံတော်ချိန် (၁ဝး၃၀)နာရီမှာ ယှဉ်ပြိုင်ကစားရမှာပါ။
ဒီအတွက် အသင်းကြီးတွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ''အဲဒါက ရှုံးထွက်အဆင့်ရဲ့ သဘာဝပါပဲ။ အဲဒါက ကျွန်တော်တို့ကို စိတ်အေးအေးထားနိုင်အောင် လုပ်ဆောင်ပေးတယ်လို့ ထင်ပါတယ်။ ဒီပြိုင်ပွဲမှာ အသင်းတွေက ကောင်းကောင်းပြင်ဆင်ထားကြတာကြောင့် အနိုင်ယူဖို့ ခက်ပါတယ်။ အထူးသဖြင့် ကိုယ်က ဖေးဘရိတ်အသင်းဖြစ်နေပြီး ရှုံးလည်းဘာမှမဖြစ်တဲ့အသင်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ပိုခက်ပါတယ်။ ဒါကြောင့် (အသင်းကြီးတွေရဲ့ ထွက်ခွာရမှုက) စိတ်အေးအေးထားဖို့၊ အခြေအနေကို လက်ခံဖို့နဲ့ အကောင်းဆုံးလုပ်ဆောင်ဖို့ ကူညီပေးပါတယ်'' လို့ တူဟယ်လ်က ပြောကြားခဲ့ပါတယ်။
တူဟယ်လ်က နည်းပြဟောင်း ဆောက်ဂိတ်လက်ထက်မှာ အင်္ဂလန်အသင်းရဲ့ ပယ်နယ်တီအရည်အသွေး တိုးတက်လာခဲ့သလို၊ သူ့လက်ထက်မှာ ကောင်းကောင်းလေ့ကျင့်ပြင်ဆင်ထားကြောင်းလည်း ပြောကြားခဲ့ပါတယ်။















