လီဗာပူးလ်အသင်းဟာ အိုဆာဆူနာအသင်းက စပိန်တိုက်စစ်ကစားသမား ဗစ်တာမူနော့ဇ်ကို ယူရိုသန်း(၄၀)နဲ့ ခေါ်ယူလိုက်ကြောင်း သိရပါတယ်။
ဗစ်တာမူနော့ဇ်(၂၂ နှစ်)က အိုဆာဆူနာအသင်းနဲ့ ယူရိုသန်း(၄၀)တန် လျော်ကြေးစာချုပ် ချုပ်ဆိုထားတာကြောင့် လီဗာပူးလ်အသင်းက အဲဒီတန်ဖိုးနဲ့ ခေါ်ယူခဲ့ရတာဖြစ်ပြီး နည်းပြသစ် အီရာအိုလာလက်ထက် ပထမဆုံးခေါ်ယူတဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဗစ်တာမူနော့ဇ်ဟာ ပြီးခဲ့တဲ့နွေရာသီကမှ ရီးယဲလ်ကနေ အိုဆာဆူနာကို ပြောင်းရွှေ့ကြေး ယူရို(၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ အိုဆာဆူနာအသင်းအတွက် ပြိုင်ပွဲစုံ(၃၆)ပွဲကစားကာ (၇)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
လူငယ်ကစားသမားဘဝမှာ ဘာစီလိုနာမှာရော ရီးယဲလ်မှာပါ ကစားခဲ့ဖူးတဲ့ ဗစ်တာမူနော့ဇ်ကို နယူးကာဆယ်အသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေချိန်မှာပဲ လီဗာပူးလ်အသင်းက ကျော်ဖြတ်ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အိုဆာဆူနာအသင်းက ဗစ်တာမူနော့ဇ်အတွက် ရရှိတဲ့ ပြောင်းရွှေ့ကြေးထဲက တစ်ဝက်ဖြစ်တဲ့ ယူရိုသန်း(၂၀)ကို စာချုပ်ပါသဘောတူညီချက်အရ အသင်းဟောင်း ရီးယဲလ်ကို ပေးအပ်ရမယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ စပိန်လက်ရွေးစင်အသင်းနဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆင်နွှဲနေတဲ့ ဗစ်တာမူနော့ဇ်ကို လီဗာပူးလ်အသင်းက ၂၀၃၂ ခုနှစ်အထိ (၆)နှစ်စာချုပ် ချုပ်ဆိုမှာဖြစ်ကြောင်း သိရပါတယ်။















