နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်နှင့် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် (National People's Congress NPC) ဥက္ကဋ္ဌ မစ္စတာကျောက်လဲ့ကျိတို့ ယနေ့(ဇွန် ၁၆ ရက်) ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲခန့်တွင် ပေကျင်းမြို့ရှိ The Great Hall ခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့(ဇွန် ၁၆ ရက်)နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ The Great Hall ခန်းမဆောင်တွင် တရုတ်သမ္မတရှီကျင့်ဖျင်က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ခြင်းအခမ်းအနားသို့ တက်ရောက်ပြီး နှစ်နိုင်ငံ တွေ့ဆုံပွဲဆက်လက်ပြုလုပ်ကာ သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ ၁၈ ခုရေးထိုးလဲလှယ်ခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်သမ္မတ ရှီကျင့်ဖျင်က တည်ခင်းဧည်ခံသည့် ဂုဏ်ပြုနေ့လယ်စာစားပွဲသို့တက်ရောက်ခဲ့သည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်သည် ယနေ့(ဇွန် ၁၆ ရက်)ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ပေကျင်းမြို့ Tiananmen Square ရှိ သူရဲကောင်းစစ်သည်ဗိမာန်သို့ သွားရောက်၍ လွမ်းသူပန်းခွေချခဲ့သည်။















