■နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် အရှိန်အဟုန် ကောင်းကောင်းဖြင့် ခိုင်ခိုင်မာမာ လျှောက်လှမ်းနေပြီဖြစ်ကြောင်းနှင့် လုပ်ဆောင်ချက်များ အားလုံးကိုမရေမရာဖြင့် စမ်းတဝါးဝါး ဆောင်ရွက် နေခြင်းမဟုတ်​​ဟု နိုင်ငံ​တော်သမ္မတ​ပြောကြား

■နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် အရှိန်အဟုန် ကောင်းကောင်းဖြင့် ခိုင်ခိုင်မာမာ လျှောက်လှမ်းနေပြီဖြစ်ကြောင်းနှင့် လုပ်ဆောင်ချက်များ အားလုံးကိုမရေမရာဖြင့် စမ်းတဝါးဝါး ဆောင်ရွက် နေခြင်းမဟုတ်​​ဟု နိုင်ငံ​တော်သမ္မတ​ပြောကြား
Published 9 June 2026

လုံခြုံရေးပိုင်းဆိုင်ရာအရ စစ်ဆေးကြပ်မတ်ခြင်းသာဖြစ်ရန်လိုပြီး ပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ရန်လိုဟုဆို

နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် အရှိန်အဟုန် ကောင်းကောင်းဖြင့် ခိုင်ခိုင်မာမာ လျှောက်လှမ်းနေပြီဖြစ်ကြောင်းနှင့် လုပ်ဆောင်ချက်များ အားလုံးကိုမရေမရာဖြင့် စမ်းတဝါးဝါးဆောင်ရွက် နေခြင်းမဟုတ်ဘဲ တိကျခိုင်မာသည့် ဦးတည်ချက်၊ ရည်မှန်းချက်များထားရှိပြီး ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများဖြင့် အကောင်းဆုံးအသုံးချ ဆောင်ရွက်နေခြင်းဖြစ်ဟု နိုင်ငံ​တော်သမ္မတ ​ဦးမင်း​အောင်လှိုင်က ပြောကြားသည်။

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့(ဇွန် ၉ ရက်)တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားရာတွင် ထိုသို့ထည့်သွင်း​​​ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတက မိမိတို့အနေဖြင့် ရွေးကောက်ခံအစိုးရဖြစ်ပြီး ပြည်သူများမှရွေးခြယ်ထားသည့် ပြည်သူ့အစိုးရဖြစ်ကြောင်း၊ ပြည်သူများ၏ကိုယ်စား နိုင်ငံ့အကျိုးကိုထမ်းဆောင်ကြရမည့် ပြည်သူ့တို့၏ အကျိုးကိုဖော်ဆောင်ကြရမည့် အစိုးရဖြစ်သဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အချင်းချင်းပေါင်းစပ် ညှိနှိုင်းမှုကောင်းစွာဖြင့် တာဝန်ထမ်းဆောင်သွားကြရန်လိုကြောင်း၊ ပြည်သူ့ဆက်ဆံရေး ကောင်းမွန်ရမည် ဖြစ်သကဲ့သို့ ဝန်ထမ်းများအချင်းချင်း ညီညွတ်မျှတစွာဖြင့် အထက်အောက်ကွပ်ကဲ အုပ်ချုပ်သွားရန်လိုကြောင်း၊ ပြည်သူများကြုံတွေ့နေရသည့် အခက်အခဲများအား ထုတ်ပြန်ထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရမည် ဖြစ်သော်လည်း မလိုလားအပ်ဘဲ ပြည်သူတို့အပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေ ရန်လည်း ဂရုပြုဆောင်ရွက်သွားရန်လိုကြောင်း၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ ကောင်းစွာ သိရှိနားလည် နေရမည်ဖြစ်သကဲ့သို့ ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ရန်လည်းလိုကြောင်း ​ပြောကြားသည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုံခြုံရေးစစ်ဆေးကြပ်မတ်ခြင်းများ ဆောင်ရွက်နေ သည်များရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်လည်း လုံခြုံရေးပိုင်းဆိုင်ရာအရ စစ်ဆေးကြပ်မတ်ခြင်း သာဖြစ်ရန်လိုပြီး ပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်လိုကြောင်း၊ လုံခြုံရေးအရ၊ တရားမဝင်ကုန်စည်စီးဆင်းမှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတို့အရ စစ်ဆေးခြင်းများဆောင်ရွက်သည်ကို လက်ခံ၍ရသော်လည်း တရားမဝင်ငွေကြေးကောက်ခံခြင်းများ မဖြစ်ရန်လိုကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း စနစ်တကျဖြင့် စစ်ဆေးကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း နိုင်ငံ​တော်သမ္မတက​ ပြောကြားသည်။

နိုင်ငံ့ဝန်ထမ်းများ၊ လုံခြုံရေးဝန်ထမ်းများအတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် လစာနှုန်းထားနှင့် ထောက်ပံ့ကြေးများကို ပေးထားကြောင်း၊ သို့ဖြစ်၍ ငွေကြေးအလွဲသုံးစားခြင်း၊ လုပ်ပိုင်ခွင့်အာဏာများကို မလျော်မညီအသုံးချ၍ ငွေကြေးရယူခြင်း၊ ကောက်ခံခြင်းများ လုပ်ဆောင်ခြင်း မပြုရန်လိုကြောင်း၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့်လည်း မိမိတို့တစ်ဦးတစ်ယောက်၏အကျိုးစီးပွားကို လိုလားမှုဖြင့် လုံခြုံရေးဆောင်ရွက်နေသူများ၊ နိုင်ငံ့ဝန်ထမ်းများကို ငွေကြေးပေးလာဘ်ထိုးခြင်းများဖြင့် မဖျက်ဆီးကြရန်လိုကြောင်း၊ လာဘ်ပေးလာဘ်ယူခြင်း၊ ငွေကြေးအလွဲသုံးစားခြင်း၊ လုပ်ပိုင်ခွင့်အာဏာကို မလျော်ညီစွာ အသုံးပြုခြင်းတို့ဖြင့်အားကောင်းသော နိုင်ငံတော်အစိုးရတစ်ရပ်၏ပုံရိပ်ကို ထိခိုက်ကျဆင်းစေပြီး နိုင်ငံ၏တည်ငြိမ်အေးချမ်းရေးကိုလည်း ထိခိုက်ပျက်စီးစေနိုင်ကြောင်း၊ သို့ဖြစ်၍ နိုင်ငံ့ဝန်ထမ်းများ အားလုံး အဂတိတရားကင်းရှင်းမှုရှိစေရေး ဆောင်ရွက်ရန်နှင့် ကြပ်မတ်ကွပ်ကဲရန် တာဝန်ရှိသူများအနေဖြင့်လည်း စနစ်တကျကွပ်ကဲကြပ်မတ်သွားကြရန်လိုကြောင်း နိုင်ငံ​တော်သမ္မတ​ပြောကြားသည်။

နိုင်ငံတစ်နိုင်ငံတွင် အဓိကအားဖြင့် စီးပွားရေးအားကောင်းရန်လိုပြီး စီးပွားရေး အားကောင်းမှသာလျင် ငွေကြေးခိုင်မာမှုရှိလာမည်ဖြစ်ကြောင်း၊ မိမိတို့ အစိုးရအနေဖြင့် တိုင်းပြည်၏ ငွေကြေးကိုခိုင်မာအောင်လုပ်ဆောင်ပေးရမည်ဖြစ်ပြီး စီးပွားရေးအရ အားကောင်းလာစေရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ် အေးချမ်းရေးတို့ကို ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် အရှိန်အဟုန် ကောင်းကောင်းဖြင့် ခိုင်ခိုင်မာမာ လျှောက်လှမ်းနေပြီဖြစ်ကြောင်း၊ လုပ်ဆောင်ချက်များ အားလုံးကိုမရေမရာဖြင့် စမ်းတဝါးဝါးဆောင်ရွက်နေခြင်းမဟုတ်ဘဲ တိကျခိုင်မာသည့် ဦးတည်ချက်၊ ရည်မှန်းချက်များထားရှိပြီး မိမိတို့ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများဖြင့် အကောင်းဆုံးအသုံးချဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရအဖွဲ့ အပါအဝင် တာဝန်ရှိသူများအားလုံးအနေဖြင့် မိမိတို့သက်ဆိုင်ရာ တာဝန်ယူထားရသည့် လုပ်ငန်းများအားလုံး အောင်မြင်မှုရှိစေရေး အားလုံးကဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း နိုင်ငံ​တော်သမ္မတက​ပြောကြားသည်။

အဆိုပါအစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင် စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ခဲ့​ကြောင်း သိရသည်။

Most Read

Most Recent