စစ်ဘေးကြောင့် အပြစ်မဲ့ပြည်သူများထိခိုက်သေဆုံး၊ ပျက်စီးဆုံးရှုံးမှုများအပေါ် ပြန်လည်ပြုစုပျိုးထောင်နိုင်ရေးအတွက် ဒေသန္တရစီမံကိန်းတွင် ထည့်သွင်း​ရေးဆွဲ အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရေး" အဆို မန္တလေးတိုင်းလွှတ်တော်တွင် တင်သွင်း

စစ်ဘေးကြောင့် အပြစ်မဲ့ပြည်သူများထိခိုက်သေဆုံး၊ ပျက်စီးဆုံးရှုံးမှုများအပေါ် ပြန်လည်ပြုစုပျိုးထောင်နိုင်ရေးအတွက် ဒေသန္တရစီမံကိန်းတွင် ထည့်သွင်း​ရေးဆွဲ အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရေး" အဆို မန္တလေးတိုင်းလွှတ်တော်တွင် တင်သွင်း
Published 5 June 2026

" စစ်ဘေးကြောင့် အပြစ်မဲ့ပြည်သူများထိခိုက်သေဆုံး၊ ပျက်စီးဆုံးရှုံးမှုများအပေါ် ပြန်လည်ပြုစုပျိုးထောင်နိုင်ရေးအတွက် ဒေသန္တရစီမံကိန်းတွင် ထည့်သွင်း​ရေးဆွဲ အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရေး" အဆိုကို မန္တလေးတိုင်းလွှတ်တော်တွင် ဇွန်လ၅ရက်က တင်သွင်းခဲ့ကြောင်း သတင်းရရှိသည်။

ငါးဇွန်မြို့နယ်မဲဆန္ဒနယ်မြေအမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်သူက အဆိုကို တင်သွင်းခဲ့ခြင်းဖြစ်သည်။

" ၂၀၂၁ခုနှစ်တွင် တပ်မတော်မှ အာဏာထိမ်းမှုနောက်တွင် ဆူပူအကြမ်းဖက်မှုများအပြင် PDFအမည်ခံအကြမ်းဖက်သမားများက လက်နက်စွဲကိုင်ပြီး ပြည်သူများကို သတ်ဖြတ်ခြင်း၊ အကြမ်းဖက်ခြင်း၊ ဆပ်ကြေးကောက်ခံခြင်းတို့အပြင် မထေ့မဲ့မြင်ပြုမူသူမှန်သမျှကို ဒလံခေါင်းစဥ်တပ်ပြီး ရပ်ရွာအတွင်းနေထိုင်နိုင်ခြင်းမရှိအောင် ပြုလုပ်ခဲ့ကြပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြင်းခြံ၊ နွားထိုးကြီး၊တောင်သာ၊ငါးဇွန်၊ မလိုင်၊ ညောင်ဦး၊ မတ္တရာ၊ စဥ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ်စသည့်မြို့နယ်များမှာ အကြမ်းဖက်သမားများကြောင့် ထိခိုက်ဒဏ်ရာရသေကြေခြင်း၊ ပစ္စည်းဥစ္စာများဆုံးရှုံးရပြီး နေရပ်စွန့်ခွာခဲ့ကြရပါသည်။

အကြမ်းဖက်သမားများ၏ အမြင်မတူသူမှန်သမျှ ဒလံခေါင်းစဥ်တပ်စွပ်စွဲချက်ကြောင့် နေရပ်စွန့်ခွာကာ တစ်ခြားဒေသများတွင် ကြုံရာကျပန်းလုပ်ကိုင်စားသောက်နေရသလို နေရပ်တွင်ရှိသောပစ္စည်းဥစ္စာများသည်လည်း အိမ်တိုင်ကအစ ခွာယူမှုခံရခြင်း၊ လုပ်ကိုင်စားသောက်နေသော လယ်ယာသုံးစက်ကိရိယာများ​ဆုံးရှုံးရသည့်အပြင် လယ်ယာမြေများကိုလည်း PDFများမှ သိမ်းယူသွားသည့်အတွက် မြေမဲ့ယာမဲ့ဘ၀ဖြစ်နေသည်မှာ ၅နှစ်ခန့်ရှိနေပြီဖြစ်ရာ အေးချမ်းသည့်အချိန် အိမ်ပြန်ရသည့်အခါ ဘ၀ကို တစ်ကနေ ပြန်စရမည့်အခြေနေများဖြစ်ပါသည်။

အဆိုပါဒေသများတွင် အကြမ်းဖက်သမားများကို တပ်မတော်မှလိုက်လံချေမှုန်းသည့်အခါ နှစ်ဖက်ထိတွေ့မှုဖြစ်သည့်အတွက် အပြန်အလှန်ပစ်ခတ်မှုများကြောင့် တစ်ချို့သောကျေးရွာများတွင် ရွာလုံးကျွတ်မီးလောင်ပျက်စီးမှုများရှိခဲ့ကြောင်း၊ ထိုသို့စစ်ဘေးသင့်ပြည်သူများ၏ဆုံးရှုံးမှုများကို ဖေးမကူညီစောင့်ရှောက်နိုင်သူမှာ နိုင်ငံတော်အစိုးရသာရှိပါသဖြင့် အပြစ်မဲ့သတ်ဖြတ်ခံရသူများအတွက် ထောက်ပံ့မှု၊ နေအိမ်အဆောက်အဦး တည်ဆောက်မှု၊ ကျောင်းသားကျောင်းသူများပညာသင်ကြားရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိမှု၊ စိတ်ပိုင်းဆိုင်ရာကုစားမှု စသည့်အထောက်အပံ့များကို နိုင်ငံတော်မှ ဒေသန္တရစီမံကိန်းတွင် ထည့်သွင်းရေးဆွဲပြီးအကောင်ထည်ဖော်ဆောင်ရွက်​ပေးပါရန် " အဆိုကို တင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုနှင့်ပတ်သက်ပြီး လွှတ်​တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံခဲ့သဖြင့် ဇွန်လ၈ရက်နေ့တွင် ​ဆွေးနွေးသွားမည်ဖြစ်သည်။

Most Read

Most Recent