ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ဟာ လာလီဂါတစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို နှစ်ရာသီဆက်တိုက် ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။
အသက် ၆၁ နှစ်ရှိပြီဖြစ်တဲ့ ဂျာမနီနိုင်ငံသားနည်းပြ ဟန်ဆီဖလစ်ဟာ ဘာစီလိုနာအသင်းကို လာလီဂါချန်ပီယံဆု နှစ်နှစ်ဆက်တိုက်ရရှိစေခဲ့တဲ့အပြင် စပိန်စူပါဖလားပြိုင်ပွဲမှာလည်း နှစ်နှစ်ဆက်တိုက် ဗိုလ်စွဲခဲ့ပါတယ်။
ဒါကြောင့် ၎င်းအနေနဲ့ ဂီတာဖေးအသင်းနည်းပြ ဘော်ဒါလက်စ်နဲ့ ဗီလာရီးယဲလ်အသင်းနည်းပြ မာဆယ်လီနိုတို့ထက် မဲအသာရပြီး အကောင်းဆုံးနည်းပြဆုကို နှစ်ရာသီဆက်တိုက် ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပါတယ်။
ဒါ့အပြင် ဘာစီလိုနာအသင်းဟာ ၂၀၂၅-၂၆ ရာသီမှာ အိမ်ကွင်းပွဲစဉ် ၁၉ ပွဲစလုံး အနိုင်ရခဲ့ပြီး တစ်ရာသီ ၃၈ ပွဲကျင်းပတဲ့ စနစ်မှာ အိမ်ကွင်းပွဲအားလုံး ရာနှုန်းပြည့်အနိုင်ရတဲ့ ပထမဆုံးလာလီဂါကလပ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ဘာစီလိုနာအသင်းက ဟန်ဆီဖလစ်ကို ပြီးခဲ့တဲ့နှစ် နွေရာသီမှာ ၂၀၂၇ အထိ တစ်နှစ်သက်တမ်းတိုးခဲ့သလို၊ ဒီနှစ်မှာလည်း ၂၀၂၈ ခုနှစ်အထိ နောက်ထပ်တစ်နှစ် သက်တမ်းတိုးခဲ့ပါတယ်။















