■ ဘန်ကောက်တွင် တရားဝင်လိုင်စင်မရှိဘဲ ဖွင့်လှစ်ထားကြောင်း စွပ်စွဲခံထားရသည့် နိုင်ငံတကာကျောင်းတစ်ကျောင်းကို ဝင်ရောက်စစ်ဆေး

■ ဘန်ကောက်တွင် တရားဝင်လိုင်စင်မရှိဘဲ ဖွင့်လှစ်ထားကြောင်း စွပ်စွဲခံထားရသည့် နိုင်ငံတကာကျောင်းတစ်ကျောင်းကို ဝင်ရောက်စစ်ဆေး
Published 1 June 2026
Ref: The Nation Thailand

အဆိုပါကျောင်းတွင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိဘဲ လုပ်ကိုင်နေသည့် ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံသားများကို စစ်ဆေးတွေ့ရှိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်၏ Pridi Banomyong နယ်မြေရှိ နိုင်ငံတကာကျောင်းတစ်ကျောင်းသည် တရားဝင်လိုင်စင်မရှိဘဲ ဖွင့်လှစ်ထားပြီး အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work permit) မရှိသည့် ပြည်ပနိုင်ငံသား ကျောင်းဆရာခြောက်ဦးကို ခန့်အပ်ထားကြောင်း စွပ်စွဲချက်များ ထွက်ပေါ်လာပြီးနောက် ထိုင်းပညာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက အဆိုပါကျောင်းကို ဝင်ရောက်စစ်ဆေးခဲ့သည်။

အဆိုပါကျောင်းသည် လိုင််စင်မရှိဘဲ ဖွင့်လှစ်ထားကြောင်း သတင်းပေးတိုင်ကြားချက်တစ်ခု ရရှိခဲ့ပြီးနောက် မေ ၂၉ ရက်က ပုဂ္ဂလိကပညာရေးကော်မရှင်ရုံး (OPEC)၊ လူဝင်မှုကြီးကြပ်ရေးဌာနခွဲ ၁ နှင့် အလုပ်သမားဝန်ကြီးဌာနအောက်ရှိ အလုပ်အကိုင်ဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ကနဦးစုံစမ်းစစ်ဆေးမှုအရ အဆိုပါကျောင်းသည် OPEC ထံမှ တရားဝင်ခွင့်ပြုချက် ရရှိထားခြင်းမရှိကြောင်း တွေ့ရှိခဲ့ရသည်။ သို့သော် အဆိုပါကျောင်းသည် မူကြိုအဆင့်မှ အထက်တန်းအဆင့်အထိ ကျောင်းသားလက်ခံမည့်အကြောင်း ကြော်ငြာထားခြင်း၊ နိုင်ငံတကာသင်ရိုးညွှန်းတမ်းကို အသုံးပြု၍ သင်ကြားပေးနေခြင်းနှင့် စာသင်ခန်းအတွင်း လှုပ်ရှားမှုဓာတ်ပုံများကို ထုတ်ပြန်ထားခြင်းတို့ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

ယင်းကဲ့သို့ လုပ်ဆောင်ချက်များသည် ပုဂ္ဂလိကကျောင်းများဆိုင်ရာ အက်ဥပဒေအရ ပြစ်မှုမြောက်နိုင်ကြောင်း OPEC က ပြောကြားခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးဌာနခွဲ ၁ နှင့် အလုပ်အကိုင်ဦးစီးဌာနတို့နှင့် ပူးပေါင်းကာ ကျောင်းကို ဝင်ရောက်စစ်ဆေးရန် အတည်ပြုခဲ့ခြင်းဖြစ်သည်။

ဝင်ရောက်စစ်ဆေးချိန်တွင် အဆိုပါနိုင်ငံတကာကျောင်း၌ လုပ်ငန်းလည်ပတ်ရန် တရားဝင်လိုင်စင် မရှိကြောင်းနှင့် ဘာသာရပ်အသီးသီးတွင် ဆရာ၊ ဆရာမများအဖြစ် လာရောက်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသား အများအပြားကိုလည်း တွေ့ရှိခဲ့ရသည်။

တစ်ဦးချင်းစီ၏ အထောက်အထားစာရွက်စာတမ်းများကို စစ်ဆေးပြီးနောက် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work permit) မရှိဘဲ လုပ်ကိုင်နေသည်ဟု ယူဆရသည့် ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံတို့မှ နိုင်ငံခြားသား ၆ ဦး ကို တာဝန်ရှိသူများက စစ်ဆေးတွေ့ရှိခဲ့သည်။

ထို့ကြောင့် ဥပဒေကြောင်းအရ ဆက်လက်အရေးယူနိုင်ရန်အတွက် OPEC သည် Khlong Tan ရဲစခန်းကို တိုင်ကြားခဲ့သည်။

ပုဂ္ဂလိကကျောင်း ဖွင့်လှစ်လိုသည့် မည်သူမဆိုသည် အရင်ဆုံး OPEC ထံမှ ခွင့်ပြုချက်ရယူရမည်ဖြစ်ကြောင်း ပုဂ္ဂလိက ပညာရေးကော်မရှင်၏ အတွင်းရေးမှူးချုပ် မွန်သွန်ဖက်ဆူဝမ်က ပြောကြားခဲ့သည်။

ကျောင်းသားမိဘများအနေဖြင့် မိမိတို့၏ သားသမီးများအတွက် ပုဂ္ဂလိကကျောင်းများကို ရွေးချယ်ရာတွင် အထူးဂရုပြုကြရန်လည်း ၎င်းက တိုက်တွန်းထားသည်။

တရားဝင်ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားသည့် ကျောင်းများသည် ရုတ်တရက် ပိတ်ပစ်ရမည့် အန္တရာယ်ရှိခြင်း၊ ပညာရေးအရည်အသွေး ညံ့ဖျင်းခြင်းနှင့် ပညာရေးဝန်ကြီးဌာနက အသိအမှတ်မပြုသည့် ဘွဲ့/လက်မှတ်များ ဖြစ်နေခြင်း အစရှိသည့် ပြဿနာများကို ဖြစ်ပေါ်စေနိုင်ကြောင်း ၎င်းက သတိပေးပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် တရားဝင် ခွင့်ပြုချက်ရရှိထားသည့် ပုဂ္ဂလိကကျောင်းများစာရင်းကို school.opec.go.th တွင် ဝင်ရောက်စစ်ဆေးနိုင်ကြောင်း OPEC က ပြောကြားခဲ့သည်။

 

Most Read

Most Recent