၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာဂျင်တီးနားလက်ရွေးစင်အသင်းရဲ့ အပြီးသတ်ကစားသမား (၂၆)ဦးစာရင်းကို မနေ့က ထုတ်ပြန်ခဲ့ပြီး တိုက်စစ်မှူး မက်ဆီက အသင်းကို ဆက်လက်ဦးဆောင်မှာဖြစ်ကြောင်း သိရပါတယ်။
အာဂျင်တီးနားအသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်ပြီး ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ ကြိုးစားရမှာပါ။
အာဂျင်တီးနားနည်းပြ စကာလိုနီက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းက ကစားသမား(၁၇)ဦးကို ပြန်လည်ရွေးချယ်ခဲ့ပြီး ဒီပြိုင်ပွဲအတွက် အသစ်ရွေးချယ်ခဲ့တဲ့ ကစားသမားက (၉)ဦးသာ ပါဝင်ပါတယ်။
မက်ဆီက တံကောက်ကြောကြွက်သား နာကျင်တဲ့ပြဿနာ ရှိနေပေမဲ့ အာဂျင်တီးနားအသင်းနဲ့အတူ (၆)ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲ ဆင်နွှဲသွားမှာဖြစ်သလို၊ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲအများဆုံးကစားသမားအဖြစ် ရပ်တည်နေတဲ့ မှတ်တမ်းကို တိုးမြှင့်နိုင်ဖို့ ကြိုးပမ်းသွားမှာပါ။
မက်ဆီက အာဂျင်တီးနားအသင်းနဲ့အတူ ၂၀၀၆ ကမ္ဘာ့ဖလားကနေ ၂၀၂၂ ကမ္ဘာ့ဖလားအထိ (၅)ကြိမ်ဆက် ယှဉ်ပြိုင်ခဲ့ရာမှာ ပွဲပေါင်း(၂၆)ပွဲ ကစားထားတာကြောင့် ပွဲအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်နေတာဖြစ်ပြီး မက်ဆီနည်းတူ (၆)ကြိမ်မြောက် ကမ္ဘာ့ဖလားဆင်နွှဲမယ့် ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုက (၂၂)ပွဲ ကစားထားကြောင်း သိရပါတယ်။
အာဂျင်တီးနားအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု(J)မှာ အယ်လ်ဂျီးရီးယား၊ သြစတြီးယား၊ ဂျော်ဒန်တို့နဲ့အတူ ကျရောက်နေပြီး ပြိုင်ပွဲမတိုင်ခင်မှာ ဟွန်ဒူးရပ်စ်၊ အိုက်စလန်တို့နဲ့ ခြေစမ်းကစားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။















