တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံးပြည်နယ်မှ အသက် ၅၆ နှစ်အရွယ် တောင်သူတစ်ဦးဖြစ်သူ မစ္စတာချန်သည် ပြင်းထန်သည့် ဆီးအောင့်ဝေဒနာကို သုံးနှစ်ကြာ ခံစားလာခဲ့ရပြီးနောက် ဆေးရုံသို့ သွားရောက်စစ်ဆေးသည့်အခါ ဆီးအိမ်ထဲတွင် ဧရာမဆီးကျောက်ကြီး တည်နေသည်ကို သိလိုက်ရသည်။
ထိုဝေဒနာကြောင့် ချန်သည် ညဘက်လည်း အိပ်မပျော်၊ နေ့ဘက်တွင်လည်း ခပ်ဝေးဝေး မသွားရဲလောက်အောင် ဖြစ်လာခဲ့သည်။
အလုပ်မပျက်အောင် ချန်သည် ဆေးရုံ၊ ဆေးခန်းမသွားဘဲ မိမိဘာသာ ဆေးဝယ်သောက်ပြီး နေကြည့်ခဲ့သေးသည်။ သို့သော် သက်သာလာခြင်းမရှိဘဲ ပိုမိုပြင်းထန်လာသဖြင့် ဆေးရုံသွားပြခဲ့ရာမှ ဓာတ်မှန်ရိုက်စစ်ဆေးကြည့်ရာ မစ္စတာချန်၏ ဆီးအိမ်အတွင်း အလျား ၁၀ စင်တီမီတာ၊ အနံ ၁၃ စင်တီမီတာခန့်ရှိ ဧရာမဆီးကျောက်ကြီးကို တွေ့ရှိခဲ့သည်။ ဆီးကျောက်သည် ချန်၏ ဆီးအိမ်တစ်ခုလုံးနီးပါးကို နေရာယူထားပြီး အနောက်ကွမ်တုံးဒေသတွင် အကြီးဆုံး ဆီးကျောက်အဖြစ် သတ်မှတ်ခဲ့သည်။
ဆီးကျောက်က ဆီးအိမ်နံရံအပေါ် ဖိအားဖြစ်ကာ ဆီးလမ်းကြောင်းပိတ်ဆို့စေပြီး ကျောက်ကပ်နှစ်ဖက်စလုံး ရောင်ရမ်းခြင်းကို ဖြစ်စေသည်။ ဆရာဝန်များ၏အဆိုအရ ယင်းအခြေအနေမျိုးတွင် အချိန်မီ ဆေးမကုသပါက ဆီးလမ်းကြောင်းပိုးဝင်ခြင်းနှင့် ကျောက်ကပ်လုပ်ဆောင်ချက် ပျက်စီးပြီး သွေးတွင်း ယူရီးယားဆိပ်တက်သည်အထိဖြစ်ကာ အသက်အန္တရာယ် ရှိလာနိုင်သည်။
ဆရာဝန်များက ခွဲစိတ်ရေးအစီအစဉ်ဆွဲပြီးနောက် လူကြီးလက်သီးဆုပ် နှစ်ဆုပ်ခန့် ပမာဏရှိပြီး အလေးချိန် ၁ ဒသမ ၃ ကီလိုဂရမ်ရှိ ကျောက်ကို မစ္စတာချန်၏ ဆီးအိမ်အတွင်းမှ အောင်မြင်စွာ ခွဲထုတ်ဖယ်ရှားနိုင်ခဲ့သည်။
ဆီးလမ်းကြောင်းအထူးကု ဆရာဝန်ကြီးများ၏ အဆိုအရ ဆီးကျောက်တည်ခြင်း အဓိကအကြောင်းရင်းက ဆီးအိမ်အတွင်း ဆီးများ အချိန်အကြာကြီး ကျန်ရှိနေခြင်းကြောင့်ဖြစ်ကာ အထူးသဖြင့် သက်ကြီးပိုင်း အမျိုးသားများတွင် ဖြစ်လေ့ရှိသည့် ဆီးကျိတ်ကြီးခြင်း ၊ အထိုင်များခြင်းနှင့် ရေသောက်နည်းခြင်းစသည့် နေထိုင်မှုပုံစံ မမှန်ကန်ခြင်းတို့ကြောင့် ကျောက်တည်နိုင်ခြေ ပိုများသည်။
Ref:South China Morning Post















