မေ ၁၉ ရက်ကတည်းက လာအိုနိုင်ငံ၊ ဆိုင်စွန်ဘွန်ပြည်နယ်ရှိ ရေလွှမ်းနေသည့် ဂူတစ်ခုအတွင်း ပိတ်မိနေသည့် ရွှေတွင်းလုပ်သားခုနစ်ဦးကို ကယ်ဆယ်ရန် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့က ကြိုးပမ်းနေကြပြီး လွန်ခဲ့သည့် ရှစ်နှစ်က ထိုင်းနိုင်ငံ ထမ်းလွမ်ဂူကယ်ဆယ်ရေးတွင် ပါဝင်ခဲ့သည့် ရေငုပ်ကျွမ်းကျင်သူနှစ်ဦးလည်း ထိုနေရာသို့ ရောက်ရှိနေပြီဖြစ်သည်။
၎င်းတို့နှစ်ဦးသည် ၂၀၁၈ ခုနှစ်၊ ဇွန်လက တစ်ကမ္ဘာလုံး အာရုံစိုက်ခဲ့သည့် ချင်းရိုင်ခရိုင်ရှိ ထမ်းလွမ်ဂူအတွင်းမှ တောဝက်ဘောလုံးသမား ၁၂ ဦးနှင့် နည်းပြတို့ကို ကယ်ထုတ်သည့်လုပ်ငန်းစဉ်တွင် ပါဝင်ခဲ့ကြသူများ ဖြစ်သည်။ ထိုကယ်ဆယ်ရေးက အောင်မြင်ခဲ့သည်။
သည်းထန်သည့်မိုးကြောင့် မြေပြိုမှုနှင့် ရေကြီးမှုများဖြစ်ပွားကာ ဂူထွက်ပေါက်ပိတ်သွားခဲ့ခြင်းဖြစ်ပြီး ရွှေလုပ်သားများ ပိတ်မိနေသည့်တွင်းသည် ဥမင်လိုဏ်ခေါင်း အစိတ်အပိုင်း အများအပြားဖြင့် ဖွဲ့စည်းထားကာ နေရာအများစုက အလွန်ကျဉ်းမြောင်းသည်။
ဂူအတွင်းလမ်းကြောင်းများက ကယ်ဆယ်ရေးသမားများ ဒူးထောက်သွား၍မရလောက်အောင် ကျဉ်းလွန်းသဖြင့် တစ်ကိုယ်စာမှောက်လျက် တရွေ့ရွေ့တိုးဝင်ကြရသည်။ရေငုပ်၍ရသည့်နေရာသို့ ရောက်သောအခါ ခြေထောက်ကို အရင်သွင်းကာ သဲများနှင့် ကျောက်တုံးများကိုဖယ်ရှားပြီး ငါးမီတာခန့်အနက်အထိ ခက်ခက်ခဲခဲ အရင်စမ်းပြီး ငုပ်ကြရသည်။
အောက်ဆီဂျင် မလုံလောက်မှုကြောင့် ကယ်ဆယ်ရေးအစီအစဉ်ကို ယာယီရပ်ဆိုင်းကာ အပြင်သို့ ပြန်ထွက်ခဲ့ရမှုများလည်း ရှိသည်။ အကျဉ်းမြောင်းဆုံးနေရာကို ကျော်ဖြတ်နိုင်ပါက ထိုထက်ပိုကျယ်သည့် ဂူအခန်းတစ်ခု ရှိလိမ့်မည်ဟု ရေငုပ်သမားများက ယူဆထားကြသည်။
လူအင်အားနှင့် စက်ကိရိယာ လိုအပ်ချက်များကြောင့် လာအိုအာဏာပိုင်များ၏ တောင်းဆိုချက်အရ ထိုင်းကယ်ဆယ်ရေးအဖွဲ့များအပြင် နိုင်ငံတကာမှ ဂူတွင်းရေငုပ်ကျွမ်းကျင်သူများလည်း လာရောက်ပူးပေါင်းနေကြပြီ ဖြစ်သည်။
ထိုင်းကယ်ဆယ်ရေးသမား တစ်ဦး၏အဆိုအရ ဒေသခံရွာသားများက ကယ်ဆယ်ရေးအဖွဲ့များအတွက် အစားအသောက်၊ တည်းခိုနေထိုင်ရေးနှင့် တောင်ပေါ်သို့ ပစ္စည်းများသယ်ပို့ရေးတို့တွင် မိုးရွာထဲ၌ပင် မညည်းမညူ ဝိုင်းဝန်းကူညီပေးနေကြသည်ဟု သိရသည်။ ဂူဝတွင် ပိတ်မိနေသူများ၏ ဇနီးနှင့်သားသမီးများက မျှော်လင့်ချက်အပြည့်ဖြင့် စောင့်ဆိုင်းနေသည့်အတွက် ကယ်ဆယ်ရေးသမားများက အချိန်လုကာ အစွမ်းကုန် ကြိုးပမ်းနေကြသည်။
Ref & Photos: Thai PBS World















